သတင်း

ရှမ်းမြောက် KIA အခွန်ရုံးတစ်ခု ဝင်စီးခံရ

ရှမ်းမြောက် မူဆယ်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ ၏ အခွန်ရုံးတစ်ခုကို စစ်ကောင်စီတပ် ဝင်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မူဆယ်မြို့နယ် ၁၀၅ မိုင်အနီးရှိ ဇော်ဘုန်နမ်ဂတ် (Zau Bung Nam Gat) ကျေးရွာ၌ရှိသည့် KIA ၏ အခွန်ရုံးနေအိမ်တစ်အိမ်ကို ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် စစ်ကောင်စီတပ်ဝင်စီးခဲ့ပြီး ပစ္စည်းများကိုသိမ်းယူသွားကာ အရပ်သားပြည်သူများကိုလည်း  စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွားကြောင်း ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။

“ဒီဖြစ်စဉ်က ကွင်းဆက်ဖြစ်စဉ်ပေါ့။ ပြီးခဲ့တဲ့အပတ်က ဖမ်းခံထိသွားတဲ့ KIA အခွန်ကောက်တဲ့သူတွေ လာနေသွားလို့ လာရောက် စစ်ဆေးမေးမြန်းပြီး ဝင်စီးသွားတာပေါ့။ အဲ့မှာ ရွာသား ၃ ဦးကိုတော့ ဖမ်းဆီးသွားပြီး ပြန်လွတ်ပေးလိုက်ပြီ။ KIA ဘက်က အခွန်လိုက်ကောက်တဲ့ တချို့ကို နမ်ဖတ်ကာမှာ စစ်တပ်က ပြီးခဲ့တဲ့အပတ်က ဖမ်းဆီးလိုက်တယ်လေ။ သူတို့ နမ်ဂတ်မှာ လာနေသွားလို့ ကွင်းဆက်ပြန်လိုက်ပုံရတယ်”ဟုပြောသည်။

စစ်ကောင်စီတပ်သည် အခွန်ရုံးကို ဝင်စီးပြီးနောက် ရုံး၌ရှိသည့် စာရွက်စာတမ်း၊ ပစ္စည်းများနှင့် ဆိုင်ကယ်များကိုပါ သိမ်းယူသွားသည့်အပြင် ရွာလူကြီး၊ ခရစ်ယာန်ဓမ္မအမှုတော်ဆောင် ဆရာတစ်ဦး နှင့် အရပ်သားတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်။

ထို့နောက် ဖမ်းဆီးခံသွားရသည့် ပြည်သူ ၃ ဦးကို ပြန်လွတ်ပေးရန် ဒေသခံများ၏ လိုက်လံတောင်းဆိုမှုကြောင့် ဖမ်းဆီးပြီး ၁ ရက်အကြာ မေလ ၂၂ ရက်ည ၇ နာရီဝန်းကျင်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့က KIA အခွန်ရုံးမှ ဝန်ထမ်း ၅ ဦး အခွန်ကောက်ခံရန် ကွတ်ခိုင်ဘက်သို့ဆင်းလာစဉ် နမ်ဖတ်ကာကျေးရွာအလွန်တွင်  စစ်ကောင်စီတပ်မှ ဖမ်းဆီးလိုက်ပြီးနောက် ၎င်းတို့၏ အခွန်ရုံးကိုလည်း စစ်တပ်က ဝင်စီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဝင်စီးခဲ့ချိန် KIA ဘက်မှထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း စာရွက်စာတမ်းများ၊ ပစ္စည်းများနှင့် ဆိုင်ကယ် ၇ စီးခန့် သိမ်းဆည်းခံလိုက်ရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ယခုလို ဆက်ပြောသည်။

“ငွေကြေးတွေတော့ ပါသွားတာ မတွေ့လိုက်ဘူး။ သေတ္တာ ၃ သေတ္တာနှင့် ပစ္စည်းတွေ ထော်လာဂျီ အပြည့်တင်သွားတယ်။ ဆိုင်ကယ်က ၆ စီး ၇ စီးလောက်ဟုတ်တယ် အဲ့မှာရှိနေတာ အဲ့တာအကုန်ယူသွားတယ်။ အခုက ကျမတို့ ဘယ်လိုလုပ်မှ ရွာလုံခြုံမလဲပဲ တွေးပူနေတာ။ ရွာသားတွေက လန့်သွားတာလေ။ ဘယ်လို ဆက်ဖြစ်မလဲ ကျမတို့က အရမ်းစိုးရိမ်ရတယ်။ ကျမတို့ ရွာက တအောင်း TNLA တပ်ရောက်ပြီဆိုတာနဲ့ စစ်တပ်က ပြန်ရောက်လာ၊ သူတို့ပြန်သွားတာနဲ့ တောဘက်ကသူတွေ ပြန်ဆင်းလာ၊ ပြီးတာနဲ့ ကိုးကန့်က ပြန်ရောက်လာ၊ တဖွဲ့ပြီးတဖွဲ့ တော်တော်စိုးရိမ်ပြီး နေနေရတာ”ဟုဇော်ဘုန်နမ်ဂတ် (Zau Bung Nam Gat) ကျေးရွာဒေသခံ အမျိုးသမီးက ပြောသည်။

နမ်ဂတ်ကျေးရွာအတွင်း စစ်ကောင်စီတပ်များ ဝင်စီးခဲ့ပြီးနောက် TNLA တပ်ဖွဲ့ များရောက်ရှိလာပြီး ယနေ့အထိ ကျေးရွာအနီးပတ်ဝန်းကျင်တလျှောက် လှုပ်ရှားနေဆဲ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် KIA တပ်ဖွဲ့ဝင်များကို အဆိုပါဒေသမှထွက်ခွာသွားရန် သတိပေးထားပြီး ထွက်ခွာခြင်းမရှိပါက လေကြောင်းဖြင့် ဗုံးကြဲမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်၊ TNLA ၊ MNDAA နှင့် KIA လက်နက်ကိုင်တပ်တို့ကြား ဒေသတွင်း စစ်ရေးပဋိပက္ခများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေကြောင်း သိရသည်။

Show More

Related Articles

Back to top button