စစ်ပြေးဒုက္ခသည်များသတင်း

ဗန်းမောက် ဒေသခံ ၅ ထောင်ဝန်းကျင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း‌ရှောင်နေရ

ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ ပူးပေါင်းတပ် နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသောကြောင့် ဒေသခံ ၅ ထောင်ဝန်းကျင် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု Banmauk Revolution – BR အဖွဲ့ထံမှ သိရသည်။

အဆိုပါဒေသခံများသည် ဗန်းမောက်အနောက်ဘက်ခြမ်းကျေးရွာများဖြစ်သည့် မံစီကြီး၊ မံလွန်၊ ကံကြီးကုန်း၊ကြောင်လည်၊ နားပင်၊ မံထွန်ရွာမှ ဒေသခံများဖြစ်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ တစ်လကျော်ကြာမြှင့်လာပြီဖြစ်သည်ဟု Banmauk Revolution-BR အဖွဲ့မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

စစ်ဘေးရှောင်တွေက တစ်လကျော်နှစ်လနီးပါး ရှိလာပြီ မြို့ပေါ်ကသူတွေဆို တစ်ခြားမြို့တွေကိုပြေးသွားကြတာများတယ်။ ထွက်ပြေးနေရတာ ရွာပေါင်းတော်တော်များတယ် ရွှေမှော်တွေရောပေါ့ ရေရှည်ရှောင်နေရတာတော့ ၅ ထောင်လောက်ရှိပါတယ်။ ဒေသခံတွေကမြို့နယ်ထောက်ပံမူတွေ NUG ရဲ့ ထောက်ပံ့မူတွေရတာကြောင့် အရမ်းခက်ခဲတာမျိုးတော့မရှိပါဘူးဟု Banmauk Revolution-BR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

ဗန်းမောက်မြို့နယ်ရှိ စစ်ဘေးရှောင်အများစုသည် ဘေးလွှတ်ရာ ဘုန်းကြီးကျောင်း၊ ဇရပ်စာသင်ကျောင်းများတွင် အများဆုံး ခိုလှုံနေကြရသည်ဟု သူက ဆက်ပြောသည်။

ဗန်းမောက်မြို့ပေါ်တွင် နှစ်ဖက်စစ်ရေးတင်းမာမူများ၊ တိုက်ပွဲဖြစ်ပွားမူများ မရှိသော်လည်း ဒေသခံများကို ကြိုတင် တိမ်းရှောင်ခိုင်းနေသည်မှာ မေလ ၅ ရက်နေ့ကတည်းက ဖြစ်သည်။

သို့သော် ဗန်းမောက်မြို့ပေါ်နေထိုင်သည့် ဒေသခံများမှာ ပြောင်းရွှေ့နေထိုင်ရန် ခက်ခဲနေကြောင်း သိရသည်။

ထို့အပြင် ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဖုန်း နှင့် အင်တာနက်လိုင်းများဖြတ်တောက်ထားကာ စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ်လည်း ဖြစ်သည်။

ဒီမှာက ဆက်သွယ်ရေးလိုင်းတွေ အရမ်းခက်သွားပြီ ဒါပေမယ့်တိုက်ပွဲမဖြစ်ခင် ကြိုရှောင်ဖို့ သတိပေးထားတော့ ပြည်သူထိခိုက်တာတွေတော့ မရှိဘူးဟု KPDF တစ်ဦးက ပြောသည်။

လက်ရှိတိုက်ပွဲပြင်းထန်နေသည့် နေရာသည် ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းကျေးရွာများဖြစ်ပြီး ဗန်းမောက်မြို့ပေါ်တွင်မှု ပုံမှန်သွားလာနေရဆဲဖြစ်ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ ပူးပေါင်းတပ် နှင့် KIA ပူးပေါင်းတပ်တို့ကြား မေလ ၂၂ ရက်နေ့အထိ တိုက်ပွဲပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီဘက်က အကျအဆုံးများပြားသောကြောင့် လေကြောင်း တိုက်ခိုက်မူများပါ ပြုလုပ်လျှက်ရှိသည်ဟု Banmauk Revolution -BR အဖွဲ့က ထုတ်ပြန်ထားသည်။

ဗန်းမောက်မြို့နယ်သည် ၂၀၀၄ သန်းခေါင်စာရင်းအရ လူဦးရေ ၂ သိန်းဝန်းကျင်နေထိုင်သည့် မြို့နယ်တစ်ခုဖြစ်သည်။

Show More

Related Articles

Back to top button