မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မုန်တိုင်းသင့် စင်ကြိုင်စစ်ဘေးရှောင်စခန်းအတွက် နေအိမ်များပြန်လည်တည်ဆောက်ရန် ကူညီထောက်ပံ့မှုများလိုအပ်နေ

ဝိုင်းမော်မြို့နယ်၊ စစ်ကြိုင်စစ်ရှောင်စခန်းအတွင်း လေပြင်းမုန်တိုင်းတိုက်ခတ်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များ ပြန်လည်တည်ဆောက်ရန် အကူညီများလိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် စင်ကြိုင်စစ်ဘေးရှောင်စခန်းမှ နေအိမ်များအား မိုးတွင်းကာလမရောက်မှီ ပြန်လည်တည်ဆောက်ရန် ပြင်ဆင်နေသော်လည်း အခက်ခဲများစွာရှိနေကြောင်း စစ်ရှောင်တာဝန်ခံတစ်ဦးက ပြောသည်။

အခုကတော့ ဖြစ်သလိုဘဲ နေနေရတာပေါ့ ၊ မိုးကာတွေ၊ လှန်သွားတဲ့ သွပ်တွေနဲ့ဘဲ ဖြစ်သလိုလုပ်ပြီး နေကြတယ်၊ မိုးရွာတဲ့အချိန်ဆို လုံးဝကို အဆင်အပြေဘူး၊ နေအိမ်တွေ အမြန်ပြန်ဆောက်ရမယ်။ မိုးတွင်းကာလရောက်ရင် လေရောမိုးရောထပ်လာမှာလေ အဲကြောင့် ခုမိုးမလာခင်ပြန်လည်ပြုပြင်ချင်တယ်။ ခုနေရာထိုင်ခင်းလုံးဝ အဆင်မပြေဘူးဟုပြောသည်။

ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များမှာ ကျောင်းဆောင်၊ ဟောခန်းစင်တာများ အပါအဝင် စုစုပေါင်းအဆောက်အဦး ၈၀ ဝန်းကျင်ခန့် ရှိကြောင်းသိရသည်။

မုန်တိုင်းသင့် စင်ကြိုင်စစ်ရှောင်ပြည်သူများအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးရေးဌာန (KBC –HDD) မှ ကူညီမည်ဟုပြောဆိုမှုများရှိခဲ့သော်လည်း ယနေ့ထိ လာရောက်ကူညီခြင်းမရှိသေးကြောင်း ပြောဆိုမှုအပေါ် KNG သတင်းဌာနမှ KBC –HDD အားမေးမြန်းရာ ယခုလိုပြောသည်။

လောလောဆယ် ပျက်စီးသွားသည့်နေအိမ်တွေအတွက် လိုအပ်တဲ့စာရင်းတွေစီစစ်ပြီး ပြင်ဆင်နေပါတယ်။ တစ်လအတွင်း အမြန်ဆုံးကူညီပေးနိုင်ဖို့ စီစဉ်နေပါတယ်ဟု KBC –HDD မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ရှာင်တာဝန်ခံ၏ ပြောဆိုချက်အရ အထက်ပါ စစ်ရှောင်စခန်းသည် မိုးတွင်းရောက်တိုင်း ရေဝင် ရေလျှံမှုများမကြာခဏ ဖြစ်လေ့ရှိသည့်နေရဖြစ်ပြီး အဆိုပါစစ်ရှောင်ပြည်သူများသည် စားဝတ်နေရေးအတွက် အလုပ်အကိုင်များ အတည်တကျမရှိဘဲ ကြုံရာ ကျပန်း အလုပ်ကိုသာလုပ်ကိုင်ကြ စားသောက်နေကြသည့် စစ်ဘေးရှောင်များဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပျက်စီးသွားသည့်နေအိမ်များပြန်လည်ဆောက်လုပ်ရန်အတွက် ကူညီထောက်ပံ့ပေးဖို့ကြရန် စစ်ဘေးရှောင်များက မျှော်လင့်နေကြသည်။

မြစ်ကြီးနားမှ မိုင် ၇၀ ခန့်ရှိသည့် စစ်ကြိုင်စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၀၀ ကျော်နှင် လူဦးရေ ၁၁၀၀ ဝန်းကျင်ရှိပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တစ်ကျော့ပြန် တိုက်ပွဲကြောင့် ဆဒုံး၊ ဘွမ်တောင် နှင့် ကဇူး ကျေးရွာဘက်မှ ထွက်ပြေးတိမ်း ရှောင်ခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button