စစ်ပြေးဒုက္ခသည်များသတင်း

စစ်ကိုင်းမြို့နယ်ရှိ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာနှင့်သောက်သုံးရေ အရေးပေါ်လိုအပ်နေ

စစ်ကိုင်းမြို့နယ်ရှိ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေ အရေးပေါ်လိုအပ်နေသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့မှ စတင်ကာ စစ်ကိုင်းတိုင်း ပဒူကျေးရွာအနီးတွင် စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့များနှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ဒေသခံတစ်သောင်းခန့်သည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“စစ်ကောင်စီဘက်ကတော့ ပဒူကျေးရွာမှာ ယာယီတပ်စွဲထားတုန်းပဲ ၂၀၀ လောက်ရှိမယ်။ တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက ထွက်ပြေးနေကြရတာ။ စစ်ကောင်စီဘက်က လေကြောင်းသုံးပြီး ရမ်းပစ်တာတွေလည်းရှိတော့ သူတို့ပိုကြောက်လန့်နေကြတာပေါ့ အခက်ခဲဆုံးကတော့ စားနပ်ရိက္ခာပေါ့ ပြီးတော့ တောထဲမှာဆိုတော့ သောက်သုံးရေ ခက်ခဲတယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လက်ရှိ တိမ်းရှောင်နေကြရသောကျေးရွာများမှာ ပဒူ၊ ကံကြီးကုန်း၊ တောင်ရင်းတောင်ရွာ၊ တောင်ရင်းမြောက်ရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

ထို့အပြင် မေလ ၂၂ ရက်နေ့ နှစ်ဖက်တိုက်ပွဲနှင့်အတူ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ပဒူကျေးရွာ နေအိမ် ၅၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ ပြောသည်။

“ခု ရွာထဲက နေအိမ်အများပိုင်းလည်း မီးရှို့ခံလိုက်ရပြီး ဒေသခံတွေ နေရပ်ပြန်ဖို့က တော်ရုံနဲ့ပြန်လို့ရနိုင်မယ့်အခြေနေမရှိဘူး။ အဲတော့ ရေရှည်မှာ ပိုခက်ခဲလာနိုင်တယ်။ အဲကြောင့် စားသောက်ကုန်တွေကိုတော့ အဓိကလှူစေချင်တယ်” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

ပဒူကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မေလ ၁၉ ရက်နေ့မှစကာ ၂၃ ရက်နေ့ထိ ၄ ရက်တာ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြားသလို ကာကွယ်ရေးတပ်ဘက်မှလည်း တစ်ဦးကျဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဘက်က ဆိုသည်။

ပဒူကျေးရွာသည် စစ်ကိုင်းမြို့အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၁၇၀၀ ကျော်ရှိသည့် ကျေးရွာကြီးတစ်ခု ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်က အာဏာသိမ်းပြီးသည့်နောက် မေလ ၈ ရက်နေ့အထိ ၂ နှစ်တာကာလအတွင်း  လက်နက်ကိုင်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်တွင်း စစ်ဘေးရှောင်ဦးရေ ၂ သန်းခွဲဝန်းကျင် ရှိလာပြီ ဖြစ်ကြောင်း ISP Myanmar က မေလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button