တိုက်ပွဲသတင်း

မိုးတားတိုက်နယ်တွင် စစ်ကောင်စီ စစ်ကြောင်း ၅ ကြိမ် တိုက်ခိုက်ခံရပြီး အထိနာခဲ့

ကသာခရိုင်၊ မိုးတားတိုက်နယ်တွင် စစ်ကောင်စီတပ် ခမရ ၄၁၅ စစ်ကြောင်းသည် တပတ်အတွင်း ၅ ကြိမ်အထိ တိုက်ခိုက်ခံရသောကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် မေလ ၁၁ ရက်နေ့ တစ်ကြိမ်၊ ၁၈ ရက်နေ့ ၂ကြိမ်၊  ၂၂ ရက်နေ့တွင် ၁ ကြိမ် နှင့် ၂၃ ရက်နေ့အထိ တိုက်ခိုက်ခံရကြောင်း မိုးတားတိုက်နယ်မှ  PDF  တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုဖြစ်ခဲ့တဲ့တိုက်ပွဲစဉ်တစ်လျှောက်လုံးကတော့ သူတို့ဘက်က ထိခိုက်သေဆုံးမှုတွေတော့ တောက်လျှောက် ရှိခဲ့တယ်။ ဘယ်နှစ်ယောက်ဆိုတာကတော့ အတိအကျ မသိရဘူး။ တချို့စစ်သား တွေအလောင်းဆိုရင် ရွာဘေးနားမှာတွေ မြှပ်ထားတယ်။ အဲ့စစ်ကြောင်းက အခု ကသာဘက်ကို ဆက်ထိုးနေတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ရေကြောင်းနှင့် ကသာဘက်ကို ပို့လိုက်ပြီ” ဟု ဆိုသည်။

ခမရ ၄၁၅ စစ်ကြောင်း တိုက်ခိုက်ခံရသောနေရာများမှာ မိုးတားနှင့် ကသာမြို့ကြားရှိ တိုက်ကုန်းကျေးရွာအနီးတွင် မေလ ၁၁ ရက်နေ့က တစ်ကြိမ်၊ မင်းလယ်ကျေးရွာအနီးတွင် မေလ ၁၈ ရက်နေ့က မနက်ပိုင်းတစ်ကြိမ် ညပိုင်းတစ်ကြိမ်၊ မေလ ၂၂ ရက်နေ့ကဗျူဟာရောင်ခြည် ကျေးရွာအနီးတစ်ကြိမ်နှင့် ယမန်နေ့က မက်လင်ချောင်ကျေးရွာအနီး တစ်ကြိမ် စုစုပေါင်း ငါးကြိမ်အထိတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း သိရသည်။

ကသာ PDF တပ်ဖွဲ့ဝင်များ၏ ခန့်မှန်းပြောဆိုချက်အရ ၅ ကြိမ်တိုင်ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်က သေဆုံးသူ ၆ ဦးထက်မနည်းရှိပြီး ဒဏ်ရရာရှိသူ ၁၀ ဦးခန့်ရှိကြောင်း ပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

အလားတူ ယင်းစစ်ကြောင်းသည် မေလ ၁၈ ရက်နေ့က မင်းလယ်ကျေးရွာအနီးတွင် ၂ ကြိမ်တိတိ တိုက်ခိုက် ခံလိုက်ရသောကြောင့် အထိနာပြီး မင်းလယ်ကျေးရွာအနီး အခင်းတဲတွင် ပုန်းရှောင်နေသည့် မင်းလယ် ရွာသားများကို ပစ်မှတ်ထား၍ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အမျိုးသမီးသားအမိနှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး အမျိုးသမီး ၃ ဦး အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ စိုးရိမ်ဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေကြောင်းသိရသည်။

အဆိုပါ စစ်ကြောင်းသည် ကသာ ၃၀၉ တပ်ထဲသို့သွားရန်ပြင်ဆင်‌နေပြီး မေလ ၂၃ ရက်ည နန့်လှိုင်ကျေးရွာတွင် ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်အတွင်းသို့ စစ်လက်နက်ပစ္စည်းများ၊ စားနပ်ရိက္ခာများနှင့် စစ်ကူများပို့ရာတွင် ဧရာဝတီကိုအသုံးပြု၍ ရေကြောင်းဖြင့် အဓိကတင်ပို့နေရာသောကြောင့် ဧရာဝတီ မြစ်ကမ်းတစ်လျှောက် လုံခြုံရေးတိုးချဲ့ထားသလို တောက်လှန်ရေးတပ်ဖွဲ့များက ပုံမှန်တိုက်ခိုက်လျက်ရှိသည်။

Show More

Related Articles

Back to top button