လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်ကောင်စီ အထိုင်ချထားသည့် နန့်သာကျေးရွာတွင် အမျိုးသမီးအချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရ

စစ်ကောင်စီတပ် အထိုင်ချထားသည့် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသရှိ နန့်သာကျေးရွာတွင် အမျိုးသမီးအချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရကြောင်း ဒေသခံများမှ သိရသည်။

အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ တပ်မ ၇၇ စစ်ကြောင်းသည် မော်တိတ်ဒေသရှိ နန့်သာကျေးရွာတွင် ဝင်ရောက်တပ်စွဲနေသည်မှာ ၂ လကျော်ကြာမြင့်နေပြီး ယင်းစစ်ကြောင်းဝင်ရောက်စဉ် တိမ်းရှောင်ခွင့်မရလိုက်သည့် ဒေသခံများအနက် အမျိုးသမီးငယ်အချို့ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံနေရကြောင်း နန့်သာကျေးရွာမှ စစ်ဘေးရှောင်နေသည့် စစ်ရှောင်အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

“စဝင်ချင်းကတော့ အားလုံးပေါင်း ငါးယောက်အထိ မဒိန်းကျင့်ခံလိုက်ရတာ။ အသက် ၁၀ ကျော် ၂၀ အရွယ်လေးတွပဲ အဲ့ထဲမှာတစ်ယောက်ကတော့ အိမ်ထောင်သည် ဟုတ်တယ်။ အခုထိလည်း မုဒိန်းကျင့်ခံနေရတုန်းတဲ့ ဒါပေမယ့်စစ်တပ်က ဘယ်သူ့ကိုမှ မပြောဖို့ခြိမ်းခြောက်ထားတာ။ အဲ့ကြောင့် ရွာသားတွေက ခုနောက်ပိုင်းမပြောပဲ နှုတ်ပိတ်နေရတာ” ဟု စစ်ဘေးရှောင်နေသည့် နန့်သာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသမီး ငါးဦးအနက် သုံးဦးသည် စစ်ကြောင်းဝင်စဉ် အကြမ်းဖက်ခံရပြီး ကျန်နှစ်ဦးမှာ လွန်ခဲ့သည့် လပိုင်းမှစပြီး မဒိန်းပြုကျင့် ခံနေရကြောင်း သိရသည်။

ဤစာရင်းမှာ ဧပြီလအထိ ကောက်ယူထားသည့် စာရင်းသာဖြစ်ပြီး ယခု နောက်ထပ် လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ခံရမှုများ ဆက်ရှိနေသော်လည်း စစ်တပ်က သတင်း ထုတ်မပြောရန်နှင့် သတင်းထွက်ပြောပါက နေအိမ်မီးရှို့ခြင်း သတ်ပစ်ခြင်းများပြုလုပ်မည်ဟု ခြိမ်းခြောက်ခံထားရကြောင်း သိရသည်။

“ဒီဘက်ကိုဝင်တဲ့စစ်ကြောင်းတွေက အရင်ကတည်းက ဒီလိုမျိုးလုပ်နေတာဗျ။ ဒါပေမယ့် ကျနော်တို့ကနောက်မှ သိရတာ သူတို့လုပ်ရပ်တွေကို သတင်းမပေါက်ကြားဖို့ ခြိမ်းခြောက်ခံထားရတော့ရွာသားတွေကမပြောကြဘူး။ အခုလည်း နန့်သာမှာအကြမ်းဖက်ခံနေရတယ်တဲ့ အမျိုးသမီးငယ်လေးတွေကို အရက်ငဲ့ခိုင်း မူးလာရင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်အဲ့တာမျိုးတွေရှိနေတယ်လို့ သိရတယ်။ ရွာသားတွေကို ခြိမ်းခြောက်ထားတော့ရွာသားတွေက မပြောရဲကြဘူး” ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

အာဏာသိမ်းသည့်နောက်ပိုင်းတွင် အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရသည့် ကျေးရွာပေါင်း ၅ ရွာအထိ ရှိလာပြီဖြစ်ကြောင်း အင်းတော် PDF မှ သိရသည်။

ထို့ကြောင့် ယခုနောက်ပိုင်းတွင် နန့်သာကျေးရွာအပါအဝင် မော်တိတ်ဒေသရှိ ကျေးရွာအတော်များများတွင် စစ်ကောင်စီတပ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကြောင့် ကျေးရွာတွင်းရှိ လူပျို/ အပျိုများကို သင့်တော် သည့်သူများနှင့် ထိမ်းမြားလက်ထပ်ပေးခြင်းများ ဆက်တိုက်လုပ်ဆောင်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ် တပ်မ ၇၇ စစ်ကြောင်းသည် နန့်သာကျေးရွာအတွင်း၌ ၂၀၂၃ ခုနှစ် မေလ ၁၀ ရက်နေ့ကတည်းက ကျေးရွာအတွင်းဝင်ရောက်ခဲ့ပြီး ဒေသခံ လူဦးရေ ၂၀၀၀ ကျော်အနက် ၁၈၀၀ ခန့်မှာ စစ်ကြောင်းဝင်သည့်နေ့တွင် ထွက်ပြေးခဲ့သော်လည်း လူဦးရေ ၂၀၀ ကျော်သည် တိမ်းရှောင်ခွင့်မရလိုက်ပဲ ပိတ်မိနေခဲ့ရာ အဆိုပါ ပိတ်မိနေသည့် ၂၀၀ ကျော်တွင် စစ်တပ်ထောက်ခံသူ အများစုပါဝင်ပြီး ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံနေရခြင်း ဖြစ်သည်။

“အခုရွာထဲမှာ ပိတ်မိနေတဲ့သူတွေကတော့ ခံဝန်လက်မှတ်ထိုးပြီးနေ နေရတယ် အပြင်ထွက်လာရင်လည်း သူတို့ သတ်မှတ်ပေးထားတဲ့အချိန်မှာပဲ ဝင်ထွက်ရမှာ အပြင်ထွက်ပြီး ပြန်မလာရင်တော့သူတို့နေအိမ်ကို မီးရှို့ ကျန်ရစ်တဲ့မိသားစုကို တစ်ခုခုလုပ်မယ်အဲ့လိုမျိုးပြောထားတယ် အဲ့ကြောင့် အထဲမှာပဲ သူတို့အုပ်ချုပ်မှုအောက်မှာနေနေရတာ” ဟု နန့်သာ ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ တပ်မ ၇၇ စစ်ကြောင်း နန့်သာကျေးရွာတွင် တပ်စွဲနေမှုကြောင့် နန့်သာ၊ အောင်းကုန်း၊ တုံ့တော်နှင့် အင်ပင်ကျေးရွာ ဒေသခံများသည် စစ်ရှောင်နေသည်မှာ ၂ လကျော်နေပြီဖြစ်သည်။

Show More

Related Articles

Back to top button