သတင်း

အင်းတော်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသ ကျွန်းတောကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများပြားခဲ့သောကြောင့် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူနေရပ်ကွက်ထဲဗုံးသီးကျ၍ အိမ်တစ်လုံးနှင့် ကုန်စုံဆိုင်တစ်ခု ပျက်စီးသွားကြောင်း ဒေသခံများမှ သိရသည်။

တပ်မ ၇၇ နှင့် တပ်မ ၈၈ ပူးပေါင်းတပ်အင်အား ၁၀၀ ကျော်ပါဝင်သော စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းက ရွာသာရွာမှ ဗန်းမောက်ဘက်သို့ ထွက်ခွာစဥ် သက်ကယ်ကျွန်းနှင့် ကျွန်းတောကျေးရွာကြားတွင် ကျောင်းသားတပ်မတော် (ABSDF) နှင့် အင်းတော် PDF တို့မှ ပူးပေါင်းတိုက်ခိုက်ရာ ထိခိုက်မှုရှိသောကြောင့် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော်PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

ကျွန်းတောနားမှာတိုက်ခိုက်ခံရတာတိုက်ပွဲ မနက် ၅နာရီခွဲကတည်းကဖြစ်နေတာ အဲ့တာသူတို့ဘက်က ကျဆုံးများတော့ လေယာဉ်နဲ့လာကျဲတာ ၁၀ နာရီခွဲမှာ။ ပြီးတော့ အင်းတော်မြို့ထဲကနေလည်း အဲ့ဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဂျက်လေယာဉ်ဖြင့် ကျွန်းတောကျေးရွာအနီး ဗုံးသီး ၁၀ လုံးကျော် ကျဲချခဲ့ရာ ကျေးရွာတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း မော်တိတ်အုပ်စု အောင်းကုန်းကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောဆိုသည်။

လေယာဥ်က ကျွန်တော်တို့ခေါင်းပေါ်ကနေ ကျော်သွားတာ ပထမ က ဗုံးသီး ၁ လုံး ၂ လုံးချပြီး လှည့်ပြန်သွားတာ နောက်တစ်ခေါက်လာတဲ့ခါတော့ ၇လုံး တိတိဆက်တိုက်ကျဲသွားတာ ကျွန်းတောထဲက အိမ်တစ်လုံးနဲ့ ကုန်စုံဆိုင်တစ်လုံးကတော့ မီးလောင်သွားတယ်ဗုံးသီးထိလို့ တခြားတော့မသိရသေးဘူးဟု ပြောသည်။

ဗန်းမောက်ဘက်သို့သွားမည့် ယင်း စစ်ကောင်စီတပ် စစ်ကြောင်းသည် လက်ရှိတွင် သက်ကယ်ကျွန်းနှင့် ကျွန်းတော ကြားတွင် ကြားညပ်တိုက်ခိုက်ခံနေရပြီး တပ်စိပ် တစ်စိပ်စာခန့် ကျဆုံးသွားသည်ဟု သိရသည်။

တပ်မ ၇၇ နှင့် တပ်မ ၈၈ စစ်ကြောင်းသည် မေလ ၂၃ ရက်နေ့ အင်းတော်ဘက်မှ တက်လာသည့်စစ်ကြောင်းဖြစ်ပြီး မေလ ၂၃ ရက်နေ့က ရွာသာရွာကျေးရွာအနီး၌တစ်ကြိမ်၊ မေလ ၂၄ ရက်နေ့တွင် တုံစည်ကျေးရွာအနီး၌တစ်ကြိမ် တိုက်ခိုက်ခံရပြီး မေလ ၂၃ ရက်နေ့ရွာသာရွာအနီးတွင် စစ်သား ၁၀ ဦးကျော် ကျဆုံးခဲ့သောကြောင့် ဂျက်လေယာဉ်ဖြင့်ဗုံးသီး ၁၅ လုံးကျဲချခဲ့ခြင်း ဖြစ်သည်။

လတ်တလော စစ်ကောင်စီတပ်နှင့် ABSDF၊ အင်းတော် PDF တို့ကြား တိုက်ပွဲ ဖြစ်ပွားနေသည့် အထက်ပါ ကျေးရွာများမှာ အင်းတော်ဗန်းမောက် ကားလမ်းမပေါ်တွင် တည်ရှိသည်ဟု သိရသည်။

Show More

Related Articles

Back to top button