မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ဒဘတ်ချောင်းရွှေတူးဖော်မှု အမြန်ဆုံးရပ်တန့်ပေးရန် ဒေသခံများတောင်းဆို

ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုအား အမြန်ဆုံးရပ်တန့်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

ဝိုင်းမော်မြို့နယ်၊ ဂါးရာယာန်၊ ကဇူး၊ ဒဘတ်ကျေးရွာများကိုဖြတ်၍ စီးဆင်းနေသော ဒဘတ်ချောင်းတွင် ရွေတူးဖော်မှုကြောင့် မြစ်ကမ်းပါးပြိုခြင်း ချောင်းရေပျက်စီးလာသည့်အပြင် ရေလမ်းကြောင်းများလွှဲလာခြင်းများ ဖြစ်ပေါ်လာသည့်အတွက် အမြန်ဆုံးရပ်တန့်ပေးစေလိုကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောသည်။

ဒေသခံတွေက ကန့်ကွက်ချင်ကြတယ်၊ ကျွန်တော့အနေနဲ့ကတော့ နည်းနည်းလေးမှ မတူးခိုင်းစေချင်ဘူး၊ သူ့သဘာဝ အတိုင်းဘဲရှိနေစေချင်တယ်၊ ချောင်းက ရွံ့ရေဖြစ်နေပြီ၊ သူတို့ကို ရပ်တန့်ခိုင်းစေချင်တယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အုပ်ချုပ်ရေးမှူးတစ်ချို့ကတူးခိုင်းနေတဲ့အတွက် ကျွန်တော်တို့ ကန့်ကွက်ချင်ပေမဲ့ ကန့်ကွက်လို့မရတဲ့ အခြေအနေဖြစ်နေတယ်ဟုပြောသည်။

ပြီးခဲ့သည့် နှစ်များတွင် ယင်းချောင်းရေကိုအမှီပြုပြီး ချောင်းအနီးပတ်ဝန်းကျင်မှ ဒေသခံများသည် နေအိမ်ဆောက်လုပ်ရန်အတွက် ဝါးများဖောင်ဖွဲ့ကာ ချောင်းမှတစ်ဆင့်မျှောယူတာတွေ လုပ်ဆောင်နိုင်ခဲ့သော်လည်း လက်ရှိတွင်မှု ရွှေတူးဖော်မှုကြောင့် ချောင်းအလယ်တွင် ရွှေဖောင်များ၊ ကြိုးများအပြင် သဲသောင်များပေါ်ထွန်းနေပြီ ဖြစ်သည့်အတွက် ခက်ခဲမှုများစွာရှိနေကြောင်း သိရသည်။

ထို့အပြင် သောက်ရေ၊ သုံးရေအဖြစ် အသုံးနေကြရသည့် အဆိုပါချောင်းရေသည် ရွှေတူးဖော်မှုကြောင့် ချောင်းရေများနှောက်ကာ စိုက်ပျိုးရေးအတွက်ပင် အသုံးပြု၍ မရတော့ကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောသည်။

ရွှေတူးဖော်မှုကြောင့် နောက်ပိုင်းတွင် ရှိလာနိုင်သည့် ဒေသအတွင်းထိခိုက်မှုများကို ၎င်းက KNG ကို အခုလိုဆက်ပြောသည်။

နောက်ပိုင်းဆို တစ်ဖြေးဖြေးနဲ့ စိုက်ပျိုးရေးတွေလည်း လုပ်လို့ရတော့မှာမဟုတ်ဘူး၊ ရွှေတူးတဲ့ နေရာမှာသုံးတဲ့ ပြဒါးတွေကြောင့် အခုဆို ငါးတွေမျှားစားရင်တောင် သတိထားရတော့မယ်၊ စိုက်ပျိုးခြံတွေထဲမှာ သဲတွေလာပိတ်တော့ ဘာမှလုပ်လို့ရတော့မှာ မဟုတ်ဘူး ၊ ကျောက်တွေပိတ်ပြီး ရေလမ်းကြောင်းတွေလည်း အကုန်ပြောင်း နောက်ဆို ရွာထဲကို ရေတွေဝင်လာတော့မှာဟုပြောသည်။

ရွှေတူးဖော်သည့်နေရာသည် ကျေးရွာနှင့်တစ်မိုင်ခန့်သာရှိ၍ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလမှ စတင်တူးဖော်ခဲ့ပြီး လက်ရှိတွင် စက်ယန္တရားကြီး ၂ ခုနှင့် ရွှေတူးဖောင် အခု ၅၀ ရှိနေပြီဖြစ်ကြောင်း သိရသည်။

အထက်ပါ ဒဘတ်ချောင်းသည် တရုတ်ပြည်နယ်စပ်မှ မြစ်ဖျားခံပြီး ဝိုင်းမော်မြို့နယ် တာလောကြီး သို့စီးဝင်သော ချောင်းတစ်ခုဖြစ်သည်။ ချောင်းတစ်လျှောက်ရှိ ကျေးရွာ စုစုပေါင်း ၃၀ နှင့် လူဦးရေ ၁၀၀၀၀ ခန့်သည် ၎င်းချောင်းကို မှီခိုပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။

Show More

Related Articles

Back to top button