သတင်း

မြစ်ကြီးနားတွင် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ကုန်တင်ကုန်ချ ယာဉ်ရပ်နားစခန်းအနီးတွင် ယနေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

“လမ်းမှာသွေးတွေနဲ့သေနေတဲ့လူတစ်ယောက်တွေ့ခဲ့တယ် အစတော့ ဆိုင်ကယ်တိုက်တာလို့ ထင်နေတာ အဲနားကလူတွေကို မေးကြည့်တော့မှ ပစ်သတ်ခံရတာတဲ့” ဟု မြစ်ကြီနားမြို့ ဒေသခံတစ်ဦးက ပြောသည်။

ပစ်သတ်ခံရသော အမျိုးသားသည် ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ မြစ်ကြီးနား ရမ်ပူရပ်ကွက်တွင် လူငယ်များဖမ်းဆီးခံရမှုတွင် ပါဝင်ပတ်သက်သူဖြစ်သည်ဟု PDF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဟိုနေ့က ရမ်ပူမှာလူငယ် ၂ ဦးပစ်သတ်ခံရတာ ၅ ဦးဖမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အဓိကပါဝင်တဲ့သူလို့ သိရတယ်။ အဲဒါ ဒီနေ့အလုပ်ကိစ္စပြောစရာရှိတယ်ဆို ထပ်ချိန်းပြီး ပစ်သတ်လိုက်တာတဲ့” ဟု ပြောသည်။

မေလ ၂၂ ရက်နေ့  ရမ်ပူတွင် လူငယ် ၅ ဦးဖမ်းဆီးခံရပြီး ၂ ဦးပစ်သတ်ခံရသည့်ဖြစ်စဉ်တွင် ယနေ့ ပစ်သတ်ခံရသည့် အမျိုးသားသည် KPDF လူငယ်များအား လက်နက်အရောင်းအဝယ်လုပ်ရန်ရှိသည်ဟုဆိုကာ ရမ်ပူရပ်ကွက်တွင် တွေ့ဆုံရန်  လိမ်လည်ခေါ်ယူခဲ့ပြီး KPDF လူငယ်များ ချိန်းဆိုထားသည့်နေရာတွင် ရောက်လာစဉ် စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းကာ ပစ်ခတ်ဖမ်းဆီးမှုပြုလုပ်ခဲ့ရာတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ဖမ်းဆီးမှုတွင် လူငယ် ၂ ဦးပွဲချင်းပြီး ပစ်သတ်ခံလိုက်ရပြီး ကျန် ၅ ဦးသည် ဖမ်းဆီးခံသွားရကာ  ၃ ဦးသည် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

“အဲတစ်ယောက်က လိမ်ပြီးခေါ်တာလို့ပြောတယ်။ အဲဒါကိုဒီဘက်ကလူတွေလည်း သိတော့ သူ့ကိုဖမ်းဖို့ အဖွဲ့လိုက်သွားတာပေါ့။ ဒါပေမယ့် သူကလည်း စကစ အဖွဲ့တွေကို ကားနဲ့ပါခေါ်ချလာတော့ ပြေးကြတာ အဲမှာ ၂ ယောက်က ပစ်သတ်ခံလိုက်ရတယ် ၅ ယောက်က ဖမ်းခံလိုက်ရတယ်။ အဲတော့ ဒီနေ့လက်စားပြန်ချေလိုက်တဲ့ သဘောပါဘဲ” ဟု KPDF နီးစပ်သူတစ်ဦးက ပြောသည်။

PDF နှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ ယနေ့ ပစ်သတ်ခံရသူသည် လဆန်အောင်ဝါပြည်သူ့စစ်အဖွဲ့နှင့် ပူးပေါင်းကာ လက်နက်အရောင်းအဝယ်လုပ်နေသူတစ်ဦး ဖြစ်ကြောင်း ပြောဆိုမှုများ ရှိနေသော်လည်း KNG သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုခြင်း မရှိသေးပေ။

သေဆုံးသူသည် ဖားကန့် မဇွပ်ယန်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၀ ဝန်းကျင်ရှိ မုန်လွမ့်ဆိုသူဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button