သတင်း

လုံးခင်း နှစ်မျက်နှာ ဘုရားရှေ့တွင် စစ်ကောင်စီ တပ်သားများက အရပ်ဝတ်များဖြင့် ငွေကြေးကောက်ခံနေ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ နှစ်မျက်နှာဘုရားရှေ့တွင် စစ်ကောင်စီတပ်သားများက အရပ်ဝတ်များဖြင့် ကုန်ကား နှင့် ခရီးသည်ကားများထံ ငွေကြေးကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောသည်။

လုံးခင်း နှစ်မျက်နှာဘုရားရှေ့ တောင်ကုန်းတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီစစ်သားများက မေလ ၂၂ ရက်နေ့မှ စတင်ကာ လုံးခင်းအဝင်အထွက်ကားများကို ငွေကြေးကောက်ခံနေသည်ဟု လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဟုတ်တယ်။ ဘန်ကာတွေဘာတွေတော့ မကာထားဘူး အရပ်ဝတ်တွေနဲ့ပဲ ကားတွေဖြတ်သွားရင် ခရာမုတ်ပြီး ကားကိုရပ်ခိုင်းတယ်။ ကြက်ကားဆိုရင် ကြက်တစ်ကောင်တောင်းတယ် ဘီကာကားဆိုရင်ဘီယာတွေချပေးထားရတယ်တဲ့ဟုပြောသည်။

ကုန်ကားများအနေဖြင့် ကုန်ပစ္စည်းအပြင် ငွေကြေးပါ ပေးဆောင်ရပြီး ခရီးသည်ကားဆိုပါက ကားအမျိုးအစားပေါ်မူတည်၍ တစ်စီးလျှင် ကျပ် ၃၀၀၀ မှ ၈၀၀၀ အထိ ပေးရကြောင်းသိရသည်။

တောင်းတဲ့အချိန်ကတော့အချိန် အတိအကျကြီး မရှိဘူးဗျ သူတို့ကုန်းပေါ်ကနေ ကားဖြတ်သွားတာတွေ့ရင်ခရာမုတ်ပြီး ကားရပ်ခိုင်းတယ် ၂ ယောက် ၃ယောက်လောက်ဆင်းလာပြီးတောင်းတာဟုသူက ဆက်ဆိုသည်။

စစ်ကောင်စီ စစ်သားများသည် လက်နက်ကိုင်ဆောင်မှုမရှိပဲ ငွေကြေးကောက်ခံလေ့ရှိကြောင်းလည်း ဒေသခံများပြောသည်။

အဆိုပါ နှစ်မျက်နှာဘုရားရှေ့ ၌ စစ်ကောင်စီစစ်သားများ တပ်စွဲသည်မှာ အာဏာမသိမ်းမှီကတည်းက ဖြစ်ပြီး ၂၀၂၂ နှစ်ကုန်ပိုင်းတွင်လည်း ယင်းစစ်တပ်ကုန်းကို KIA နှင့် PDF တို့က နှစ်ကြိမ်တိတိ တိုက်ခိုက်ခဲ့ဖူးသည်။

Show More

Related Articles

Back to top button