သတင်း

ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်အတွင်း ဖမ်းဆီးခံရသည့် ရေမဆေးသမား ၂၀ ကျော်ပြန်မလွတ်သေး

ဖားကန့်မြို့နယ် မော်မောင်းလယာန် နှင့် မော်ဝမ်းကြီး ကျေးရွာကြားရှိ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုအား စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ရေမဆေးသမား ၂၀ ကျော်ဖမ်းဆီးသွားရာ ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။

မေလ ၂၇ ရက်နေ့ ည ၉ နာရီအချိန်  ၁ သုံးလုံး အမည်ရှိသော ကုမ္ပဏီလုပ်ကွက်အတွင်း  စစ်ကောင်စီတပ်ဖွဲ့၏ စစ်အင်အားအများအပြားဖြင့် စီးနင်းခံလိုက်ရပြီး  လုပ်ကွက်အတွင်းမှ ရေမဆေးသမား ၂၀ ကျော်ကို ဖမ်းဆီးသွားကြောင်း ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

ရေမဆေးတွေကိုပါ ဝိုင်းပြီးတော့ နှစ်ဆယ် အစိပ်လောက်ပါသွားတယ် ကုမ္ပဏီ ကလူတွေတော့ပါမပါမသိရဘူး။ ရေမဆေးတွေကတော့ ပါသွားတယ် ဒီနေ့ထိ ပြန်လွတ်လာတာမရှိသေးဘူးပြောသည်။

ကျောက်စိမ်းလုပ်ကွက်အတွင်း ဝင်ရောက်စီးနင်းခဲ့သော စစ်ကောင်စီတပ်ဖွဲ့သည် ဖားကန့် ဗျူဟာကုန်းမှဆင်းလာသည့် တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် ရေမဆေးသမား ၂၀ ကျော်ကို လက်ရှိအချိန်အထိ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို အသေးစိတ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရမှုတွင် ရေမဆေးသမားများ သာမက ကုမ္ပဏီလုပ်ကွက်အတွင်းရှိသော စက်ယန္တရားများကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

ဘတ်ဖိုးတွေရော မြေသယ်ယာဉ်တွေရောဖမ်းသွားတယ် စစ်ကြောင်းကတော့ဖားကန့်ဘက်ကိုလှည့်သွားတာပဲ။ ဒါပေမယ့် အဲ့ဒီဖမ်းထားတဲ့သူတွေကိုတော့ ဗျူဟာကုန်းမှာထားသလားခရော်ခါအနီးဝန်းကျင်ကုမ္ပဏီလုပ်ကွက်တွေမှာပဲထားသလားတော့မသိရဘူးနောက်ထပ် ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ စီးနင်းခံရသော ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်ဝင်းသည် ကျော်နိုင်နှင့် ညီများပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ကြောင်းသိရပြီး ရေမဆေးသမားများ ၂၀ ကျော် ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကို  စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့များက ကုမ္ပဏီလုပ်ကွက်များအတွင်း တပ်စွဲနေထိုင်ခြင်း၊ လုပ်ကွက်များအတွင်း အကြောင်းမဲ့ဝင်ရောက်စီးနင်းခြင်း၊ ရေမဆေးသမားများနှင့် ကုမ္ပဏီဝန်ထမ်းများလည်း မကြာခဏဖမ်းဆီးခံရမှု ဖြစ်ပွားနေဆဲဖြစ်သည်။

မေလ ၁၅ ရက်နေ့တွင်လည်း လုံးခင်းကျေးရွာရှိ ဥရုခတည်းခိုခန်းနေရာ စစ်ကောင်စီတပ်ဖွဲ့၏ စီးနင်းခံရမှုကြောင့် အမျိုးသား ၅ဦး ဖမ်းဆီးခံရမှုရှိခဲ့သည်။

Show More

Related Articles

Back to top button