ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက်အတွင်း ပြည်သူ ၅၀ ကျော် ထပ်မံ ဖမ်းဆီးခံရ

ဖားကန့်မြို့နယ် ဆန်ခါနှင့် မော်မောင်းလယာန် ကျေးရွာတစ်လျှောက်ရှိသော ကျောက်စိမ်းတူးဖော်နေသည့် လုပ်ကွက်နေရာများတွင် စစ်ကောင်စီတပ် အင်အားများဖြင့် ဝင်ရောက်စီးနင်းမှုကြောင့် လုပ်ကွက်အတွင်းရှိသော ကျောက်စိမ်းတူဖော်နေသည့် အရပ်သားပြည်သူများ ၅၀ ဦးထက်မနည်းကို ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများထံမှသိရသည်။
မေလ ၂၉ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ခန့် စစ်အင်အား ၄၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့က ကုမ္ပဏီလုပ်ကွက်များတွင် ဝင်ရောက်လာပြီး ကျောက်စိမ်းလုပ်ကွက် ၃ နေရာခန့်မှ ကုမ္ပဏီလုပ်သားများနှင့် ရေမဆေးသမားများကို အစုလိုက် အပြုံလိုက်ဖမ်းဆီးသွားကြောင်း ဖားကန့်မြို့နေ တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။
“လူကတော့အများကြီးဖမ်းခံလိုက်ရတယ် အဲ့တောက်ပကြယ်ကုမ္ပဏီထဲက ကားမောင်းသမားတွေ၊ဘတ်ဖိုးမောင်းသမားတွေကော ရေမဆေးတွေကော၊ပြီးတော့ စျေးသည်တွေနဲ့ ကျောက်လောပန်း(ကျောက်ပွဲစား) တွေလည်းပါသွားတယ်။ လူက ၅၀ လောက်ပါသွားတယ်”ဟုပြောသည်။
ထိုဖမ်းဆီးခံလိုက်ရသည့် ၅၀ ကျော်ထဲတွင် အမျိူးသမီးအချို့လည်းပါဝင်ပြီး ယင်းစစ်ကြောင်းသည် မေလ ၂၉ ရက်နေ့ ညက ဖမ်းဆီးခံရသည့် ပြည်သူများနှင့်အတူ တောက်ပကြယ်ကုမ္ပဏီတွင် ညအိပ်တပ်စွဲခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ကထန်ကျေးရွာဘက်သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။
“ဟုတ်တယ်ဗျညက ဆန်ခါတောက်ပကြယ်ကုမ္ပဏီဝင််စီးတာ အများကြီးပါသွားတယ်။ စစ်ကြောင်းက မဇွပ်ယန်ထောင်ဘက်ကနေတက်လာတာဗျ အဲ့စစ်ကြောင်းက မှော်တွေထဲ လည့်ပတ်နေတဲ့စစ်ကြောင်းတဲ့ လူတချို့ကိုဖမ်းသွားတယ်။လူသားဒိုင်လုပ်ဖို့ဖမ်းသွားတာ”ဟု လုံးခင်ကျေးရွာနေအမျိုးသားတစ်ဦးက ဆက်ဆိုထားသည်။
အဆိုပါ စစ်ကြောင်းသည် ကုမ္ပဏီဝင်းအတွင်း ဝင်ရောက်စီးနင်းလာချိန် သေနတ်များပစ်ဖောက်ကာဝင်ရောက်ခဲ့ကြောင်းသိရပြီး ဒေသခံများပြောဆိုချက်အရ လူငယ် အမျိုးသား ၃ ဦး သည်လည်း စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကျည်ထိမှန်မှုကြောင့် သေဆုံးခဲ့ရကြောင်း ပြောဆိုနေသော်လည်း KNG သတင်းဌာနက အတည်ပြုစုံစမ်းနေဆဲဖြစ်သည်။
ထို့အပြင် အရပ်သားပြည်သူ ၅၀ ကျော် ဖမ်းဆီးခံရမှုတွင် ကျောက်ပွဲစားများ၏ ကားတစ်ချို့လည်းဖမ်းဆီးခံရမှုရှိခဲ့ပြီး တစ်စီးကို ငွေကျပ် သိန်း ၅၀ ဖြင့် ပြန်လည်ရွေးယူခိုင်းနေကြောင်းသိရသည်။
ယခုလို စစ်ကောင်စီတပ်ဘက်မှ ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်များကို ပစ်မှတ်ထားဝင်စီးနေခြင်းနှင့်ပတ်သက်၍ တော်လှန်ရေးလုပ်ငန်းစဉ်တွင်ပါဝင်နေသည့် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက သပ်ပြောဆိုထားသည်။
“ကုမ္ပဏီ ကိုဝင်တယ်ဆိုတာ သူတို့အနေနဲ့ ထိန်းချုပ်ချင်တာထင်တယ် သူတို့အနေနဲ့တော်လှန်ရေးမှာလည်း ဒီကုမ္ပဏီတွေကနေ တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုနေ တယ်ဆိုတဲ့ဟာမျိုး သူတို့ထင်လို့ ကုမ္ပဏီတွေကို ဘေးကြပ်နံကြပ်ဖြစ်အောင်သူတို့လုပ်နေတာ”ဟုပြောသည်။
မေလ ၂၇ ရက်နေ့တွင်လည်း မော်မောင်းလယာန်နှင့် မော်ဝမ်းကြီးကျေးရွာ ၂ ခုကြားရှိ ကျောက်စိမ်းသူဌေး ဦးကျောက်နိုင်၏ လုပ်ကွက် စီးနင်းခံရပြီး ရေမဆေးသမား ၂၀ ကျော်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။