သတင်း

စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိသည့် အမျိုးသမီးတစ်ဦး လက်နှစ်ဖက်ဖြတ်လိုက်ရ

ထီးချိုင့်-ကသာအစပ်တွင် ဧရာဝတီမြစ်ကြောင်း သံခွန်မော်တော်ယာဉ်မှ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး ဒေသခံ အမျိုးသမီးတစ်ဦး လက်နှစ်ဖက် ဖြတ်လိုက်ရကြောင်း သိရသည်။

စစ်အင်အား ၂၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီ စစ်ကြောင်းသည် မေလ ၃၁ ရက်နေ့ ထီးချိုင့်မြို့နယ် နှင့် ကသာမြို့နယ်အစပ်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ရောက်ရှိလာပြီး ကမ်းဘက်သို့ လက်နက်ကြီးပစ်ခတ်နေသောကြောင့် အမျိုးသမီးတစ်ဦး လက်နှစ်ဖက်ဆုံးရှုံးခဲ့ရသည့်အပြင် ကျေးရွာ ၁၀ ရွာထက်မနည်းလည်း ထွက်ပြေးနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

“ထီးချိုင့်ကနေကသာကို သံခွန်မော်တော်သုံးစီးတက်သွားတာ မော်တော်ယာဉ်ကနေ သူတို့ယမ်းသမ်းပစ်လို့ ကသာနယ်ထဲက  အမျိုးသမီးယောက် ကျည်ထိလို့ လက်နှစ်ဖက်လုံးတံတောင်ဆစ်ကနေဖြတ်လိုက်ရတယ်။ အဲနားတစ်ဝိုင်က ရွာသားတွေလည်း တိမ်းရှောင်နေရပါတယ်”ဟု ဆိုသည်။

လက်နက်ကြီးကျည်ထိမှန်သော အမျိုးသမီးသည် အသက် ၃၆ နှစ်အရွယ် ကသာမြို့နယ် အောက်သံပုရာကုန်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

မေလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းသည် ဧရာဝတီမြစ်ကြောင်းအတိုင်း ထီးချိုင့်မြို့မှ ကသာမြို့ဘက်သို့ လက်တွဲခွန်သုံးစီးဖြင့် ဆန်တက်ခဲ့ပြီးနောက် ဆန်တက်လာရာလမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။

ထို့ကြောင့် ထီးချိုင့်- ကသာမြို့နယ်တစ်လျှောက်ရှိ မြစ်ကမ်းနံဘေးကျေးရွာများဖြစ်သော  မြတောင်အနီးရှိ တက်ကျ၊ ရေကန်၊ ကိုးတဲ၊ ဝဲကြီး၊ ကမ်းနီ၊ ကျောက်မှော်၊ နတ်အင်း၊ အင်းတမွတ်၊ ညောင်ခြေထောက်၊ သံပုရာ စသည့် ကျေးရွာများသည် ထွက်ပြေးနေရဆဲ ဖြစ်သည်။

စစ်ကောင်စီတပ် နှင့် ကာကွယ်ရေးပူးပေါင်းတပ်များအကြား ကသာနှင့် ထီးချိုင့်အစပ်တွင် ပြီးခဲ့သည့်မတ်လတွင်တစ်ကြိမ် ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် နှစ်လနီးပါး တိုက်ပွဲဖော်ဆောင်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းမရှိခဲ့သော်လည်း မေလ ၃၁ ရက်နေ့မှ စတင်ကာ တစ်ဖန်ပြန်ပြီးစစ်ရေးလှုပ်ရှား လာခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကဆိုသည်။

အဆိုပါစစ်ကြောင်းသည် ထီးချိုင့်မြို့ပေါ်မှ ကား ၁၃စီးဖြင့် ထွက်ခွာလာရာမှ သံခွန်ဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာဘက်သို့ ဆန်တက်နေခြင်းဖြစ်ပြီး ကသာနှင့်ထီးချိုင့်အစပ်ရှိကျေးရွာ ၆ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆက်ဆိုသည်။

“အခုတော့ ကသာနယ် မြစ်နဘေးကအင်းရွာကိုဝင်နေတယ်ပြောတယ် ထီးချိုင့်နဲ့အစပ်ပဲ ဒေသခံတွေကတော့ စစ်ကြောင်းတက်လာတာနဲ့ပြေးရတာထုံးစံပါပဲ မပြေးရင်ဖမ်းတာကို အမျိုးသမီးတွေဆိုတော်သေးတယ်။ အမျိုးသားဆိုဘယ်အရွယ်မှ ချမ်းသာမပေးဘူး အသက်ကြီးပိုင်းတွေဆိုလည်း ထမ်းပိုးဖို့ခေါ်သွားတာပဲ”ဟုပြောသည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့ စစ်ရေးပြန်လည်လှုပ်ရှားလာခြင်းကြောင့် ဒေသခံများအား စစ်ရေးသတိရှိရန်နှင့် ဘေးလွှတ်ရာ ကြိုတင်တိမ်းရှောင်ကြရန် ကသာခရိုင်တပ်ရင်း (၁) က ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် ကြိုတင် သတိပေးထုတ်ပြန်ထားသည်။

စစ်ကိုင်း- ကချင်ဒေသအစပ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်သည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် နှင့် ကာကွယ်ရေးတပ်ဖွဲ့ကြား ကုန်းကြောင်း၊ ရေကြောင်းဖြင့် မကြာခနဆိုသလို တိုက်ပွဲများဖြစ်လေ့ရှိပြီး စစ်တပ်မှ ယမ်းသမ်းပစ်ခတ်မှုများကြောင့် မြစ်ကမ်းနံဘေးမှ ဒေသခံများကျည်ထိမှန်သေဆုံးသူများ ရှိကာ ကျွှဲ၊နွား၊တိရိစ္ဆာန်အပါအဝင် နေအိမ်များလည်း ဖျက်ဆီးခံရမှုများစွာရှိခဲ့သည်။

Show More

Related Articles

Back to top button