သတင်း

အင်းတော်ကြီးတွင် ငလျင်လှုပ်ခတ်သွားသောကြောင့် ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှုများရှိ

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် အင်အား အသင့်သင့်ရှိ ငလျင်လှုပ်ခတ်သွားသောကြောင့် ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လုံးတုံ၊ မိုင်းနောင်၊ ဟဲပု ကျေးရွာတို့တွင် မေလ ၃၁ ရက် ညနေ ၅ နာရီခွဲအချိန်မှ ဇွန်လ ၁ ရက်နေ့ နံနက် ၇နာရီအထိ ငလျင်လှုပ်ခတ်သွားသည့်အတွက် အင်းတော်ကြီး – ဟိုပင် လမ်းမကြီး ၁၉ မိုင်နေရာတွင် လမ်းမကြီးအက်ကွဲခြင်း၊ မိုင်းနောင်ကျေးရွာရှိ ရပ်ကွက်လမ်းကြားအချို့ အက်ကွဲမှုများအပြင် ရပ်ကွက်၊ ကျေးရွာများတွင် မီးကြိုးများ ပျက်တောက်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောသည်။

”ရွာထဲက မီးကြိုးတွေပျက်တယ် လမ်းအက်တယ်။ တစ်ချို့အိမ်တွေဆို ဆောက်လုပ်စအိမ်တွေ အုတ်နံရံတွေ ပြိုတဲ့ထိ ဖြစ်ခဲ့တယ်”ဟုပြောသည်။

ငလျင်ကြောသည် အင်းတော်ကြီးဒေသ လုံးတုံ၊ မိုင်းနောင် နှင့် ဟဲပုကျေးရွာတို့ကိုဖြတ်သန်းသွားပြီး မေလ ၃၁ ရက်နေ့ ည ၅နာရီ ၄၂ မိနစ်တွင် တစ်ကြိမ်၊ မေလ ၃၁ ရက်နေ့ည ၉နာရီတိတိတွင် တစ်ကြိမ်နှင့်  ဇွန်လ ၁ ရက်နေ့ မနက် ၇ နာရီ ကျော်တွင်တစ်ကြိမ် လှုပ်ခတ်သွားပြီး ပထမအကြိမ်လှုပ်ခတ်မှုတွင် ငလျင်ပြင်းအား (၅.၉) ရစ်ချာတာစကေး အထိရှိခဲ့သောကြောင့် ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့ကြောင်း မိုင်းနောင်ကျေးရွာနေအသက် ၄၀ ကျော်အရွယ်ရှိ အမျိူးသားတစ်ဦးက KNG ကိုပြောသည်။

“ပထမအကြိမ်လှုပ်သွားတုန်ကတော့ ပျက်စီးတာများတယ် လူတော့ မထိခိုက်သွားဘူး ကျနော့်အိမ်က TV ဆိုပြုတ်ကျပြီးကွဲတာ တချို့အိမ်တွေက အုတ်နံရံတွေအက်တယ်။ ပြီးတော့တချို့ဆို ဆောက်လက်စ ကွန်ကရစ်လှေကားတွေပြုတ်ကျတာတွေရှိတယ်။ မိုင်းနောင်ကျေးရွာမှ ရှမ်းရုံးလည်းဆောက်ပြီးတာမကြာသေးဘူး ရံနံအက်သွားတယ်”ဟု ပြောသည်။

အင်းတော်ကြီးဒေသတွင် ယခုကဲ့သို့ ပြင်းထန်သည့် ငလျင်မျိုး ၁၉၈၈- ၈၉ ခုနှစ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း ၃၅ နှစ်အကြာ တစ်ကြိမ်ပြန်လည် လှုပ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ဖားကန့်၊ မိုးညှင်း၊ နမ္မာတွင်လည်း ငလျင်အဖျားလှုပ်ခတ်သွားကြောင်း မိုးညှင်းဒေသခံတစ်ဦးက ဆိုသည်။

Show More

Related Articles

Back to top button