သတင်း

ကနီတွင် ဆင်ဦးစီးမိသားစုများ ဝမ်းရေးခက်ခဲလာသဖြင့် ဆင်များကို စွန့်လွတ်ရမည့်အခြေအနေ ကြုံတွေ့နေရ

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ဆင်များကို ပြုစုစောင့်ရှောက်နေသော ဆင်ဦးစီးမိသားစုများသည် စားဝတ်နေရေးခက်ခဲလာသောကြောင့် ဆင်များကိုစွန့်လွှတ်ကာ နေရပ်ပြန်ရမည့်အခြေနေဖြင့် ကြုံတွေ့နေရသည်ဟု စုံစမ်းသိရှိရသည်။

ဆင်ဦးစီးများသည် CDM လုပ်ထားသူများဖြစ်ပြီး ဆင်များကို စေတနာ့ဝန်ထမ်းအနေဖြင့် စောင့်ရှောက်လာသည်မှာ ၂နှစ်ခန့်ရှိလာပြီဖြစ်သည်ဟု ကျောက်လုံးကြီးတပ်မဟာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“ဆင်ထိန်းတဲ့သူတွေအတွက် စားဖို့သောက်ဖို့ တော်တော်လေးခက်ခဲလာကြတယ်။ ဆင်ဦးစီးပြောတာက သူတို့က ဆင်တွေကိုစေတနာ့ဝန်ထမ်းလိုမျိုးပဲစောင့်ရှောက်ပေးလာတာ အာဏာသိမ်းပြီးတည်းကပဲ တစ်ချို့ဆင်ဦးစီးတွေဆို ဆင်တွေကို တောထဲဒီတိုင်းထားပြီး ပြန်ချင်နေကြပြီ၊ သူတို့ရပ်တည်ဖို့အတွက်ဆို စားဖို့နဲ့ဆင်တွက် ကျန်းမာရေး အတွက် ထောက်ပံ့မူတွေလိုအပ်နေတယ်လို့ သိရတယ်” ဟု ကျောက်လုံးကြီး တပ်မဟာအဖွဲ့မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

ဆင်ထိန်းကျောင်းသူ လူဦးရေ တစ်ရာကျော်ရှိပြီး ဆင် ၃၆ ကောင်ကို ပြုစုစောင့်ရှောက်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင်လည်း ဆေးဝါးကုသဖို့ မရှိသောကြောင့် ဆင်ကြီးတစ်ကောင်သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ဆင်ထိန်းကျောင်းသူများအတွက် စားနပ်ရိက္ခာနှင့် ဆင်များအတွက်ကျန်းမာရေးထောက်ပံ့မှုများ ရရှိပါက စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောသည်။

ကူညီထောက်ပံ့ပေးနိုင်မည့် အလှူရှင်များမရှိပါက ဆင်များကိုတောထဲတွင် စွန့်လွှတ်ခဲ့ကာ ဆင်ထိန်းများအားလုံး နေရပ်ပြန်ရမည့်အခြေနေတွင် ရှိနေကြောင်း သိရသည်။

ဆင်များသည် ကနီနယ်နှင့် ယင်းမာပင်နယ်အတွင်းက အလောင်းတော် ကဿဖသစ်တောကြိုးဝိုင်းမြေတွင် ကျက်စားကြတာဖြစ်ပြီး ယခင်က ကနီမြို့နယ်သစ်တောဦးစီးဌာန၏ သစ်ထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည့် ဆင်များဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

ထို့ကြောင့် အဆိုပါဆင်များနှင့်ဆင်ဦးစီးများအတွက် တစ်စုံတစ်ရာကူညီလှူဒါန်းလိုပါက ကျောက်လုံးကြီး KLGတပ်မဟာ ဖေ့စ်ဘုတ်ပေ့ချပ်မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်သည်ဟု သိရပါသည်။

Show More

Related Articles

Back to top button