သတင်း

မော်တိတ်ကျေးရွာအနီး စစ်တပ်ကအပြည့်အဝထိန်းချုပ်နိုင်ရန် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာ

ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် မော်တိတ်ကျေးရွာအုပ်စုတွင် စစ်တပ်က အပြည့်အဝထိန်းချုပ်ရန် စစ်အင်အားဖြည့်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများ သိသိသာသာ လုပ်ဆောင်လာကြောင်း ဒေသခံများ ပြောသည်။

“သူတို့က မော်တိတ်ဒေသကို ထိန်းချုပ်ချင်နေတဲ့သဘောပါပဲ နီးစပ်တဲ့ပတ်ဝန်းကျင်ရွာတွေကိုဝင်တယ်။ သတင်းပေါက်ကြားရင်ဖမ်းတယ်ဆီးတယ်။ သူတို့ဝင်လို့ရတဲ့ရွာတွေဆို မီးရှို့တယ် ပြီးရင်သူတို့ ဗုံးခိုကျင်းတွေတူးတယ် ရပ်ထဲရွာထဲက သစ်တုံးကြီးတွေဘာဘာယူပြီးတော့ ကြီးကြီးကျယ်ကျယ်လုပ်ထားတယ်။ လို့ကြားနေတယ်။ လူနေအိမ်မှာလည်းနေတယ် ဘုရားကုန်းမှာလည်းနေတယ်”ဟု ကျွန်းတော် ဒေသခံတစ်ဦးက KNG ကို ပြောသည်။

စစ်ကောင်စီတပ်သည် ၂၀၂၃ မတ်လမှစပြီး မော်တိတ်ကျေးရွာအုပ်စုဖြစ်သည့် နန့်သာရွာတွင် တပ်စွဲနေထိုင်ပြီးနောက် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ နန့်သာရွာမှ တစ်ဖန် မော်တိတ်ကျေးရွာအုပ်စုဝင်များဖြစ်သည့် ကျွန်းတော်နှင့် ရွာသာရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ကျွန်းတော်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းအား ဇွန်လ ၁ ရက်နေ့ည ၇နာရီဝန်းကျင်တွင် နန့်သာကျေးရွာမှ ကျွန်းတော်ကျေးရွာ နှင့် ရွာသာရွာဘက် စစ်ကြောင်းထိုးဝင်ရောက်လာရာ ABSDF နှင့် ကာကွယ်ရေးပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဘက်မှ ပြောသည်။

“စစ်ကြောင်းက ရွာသာရွာ၊ ကျွန်းတော်ဘက်ကို ထိုးစစ်ဆင်တာလေ။ တိုက်ပွဲက ည ၈နာရီ ၉ နာရီလောက်ကနေ မနက်  ၁နာရီဝန်းကျင်လောက်ကိုဖြစ်တာ။ တိုက်ပွဲ ဖြစ်တဲ့နေရာကတော့ တုံးစည်ဆိုတဲ့တံတားလေးရှိတယ်။ ဘုရားလေးနဲ့ပေါ့ အဲ့နားလေးမှာဖြစ်တာ ရွာသာရွာနဲ့ ကျွန်းတော်ကြားပေါ့။ စစ်ကြောင်းက  အင်းတော်ဘက်ကနေ စုန်သွားတဲ့စစ်ကြောင်းပဲ”ဟုပြောသည်။

မော်တိတ်အနီး စစ်ရေးလှုပ်ရှားနေသည့် စစ်ကြောင်းသည် တပ်မ ၇၇ အောက်တပ်ရင်းများဖြစ်ကပြီး ABSDF နှင့် ကာကွယ်ရေးပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ကျွန်းတောရွာဘက်မှ ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသော်လည်း နန့်သာကျေးရွာတွင် စစ်ကား ၂စီးဖြင့် ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသူများလည်းရှိကြောင်း သိရသည်။

လက်ရှိနန့်သာကျေးရွာတွင် စစ်ကောင်စီတပ်အထိုင်ချပြီး စစ်ရေးလှုပ်ရှားမှုများရှိနေသောကြောင့် နန့်သာ၊ အောင်းကုန်း၊ တုံ့တော်၊ ရွာသာရွာ၊ တုံစည် စသည့်ရွာပေါင်း ၁၁ ရွာခန့်မှပြည်သူများသည် စစ်ဘေးရှောင်နေရပြီး ဒေသခံများ လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် ရှိနေကြောင်း သိရသည်။

ထို့အပြင် စစ်တပ် တပ်စွဲထားသည့် နန့်သာရွာတွင် ပြည်သူအချို့ကို စစ်ကောင်စီတပ်မှ ဖမ်းဆီး၊ သတ်ဖြတ်မှုများရှိနေသောကြောင့် မော်တိတ်ဒေသ၌ စစ်ကောင်စီတပ်အခြေ ချလာမည်ကိုဒေသခံများ စိုးရိမ်နေခြင်းဖြစ်သည်။

မော်တိတ်ဒေသ နန့်သာရွာ၌ စစ်ကောင်စီတပ်သည် မတ်လ ၁၀ ရက်နေ့မှစပြီး တပ်စွဲနေထိုင်လာပြီး နောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကျောင်းသားတပ်၊ အင်းတော် PDFတို့ကြား ထိတွေ့တိုက်ပွဲ မကြာခနဖြစ်ပွားလျက်ရှိသည်။

အင်းတော်မြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ်တစ်ခုဖြစ်သည့်အပြင် စစ်ကိုင်း-ကချင်နယ်စပ်၊ မြစ်ကြီးနား-မန္တလေး လမ်းမကြီးတွင်တည်ရှိသောကြောင့် စစ်ရေးအရ အရေးပါသော မြို့နယ်တစ်ခုဖြစ်သည်။

Show More

Related Articles

Back to top button