သတင်း

အရပ်သား ၉ ဦး သတ်ဖြတ်ခံရမှု ၄ လကြာတဲ့အထိ KIO ဘက်က အမှုမှန် ဆောင်ရွက်ပေးနိုင်ခြင်းမရှိ

ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးမှာ အရပ်သားပြည်သူ ၉ ဦးသတ်ဖြတ်ခံရတာ ၄ လကြာခဲ့ပေမယ့် တရားမျှတမှုရရှိအောင် လုပ်ဆောင်ပေးဖို့ တာဝန်ရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်က ကြန့်ကြာမှုတွေ ရှိနေတယ်လို့ လူထု အမှုမှန် ဆောင်ရွက်ရေးအဖွဲ့ တာဝန်ရှိသူတွေ ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေရဲ့ အချက်အလက်တွေကို အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့က စုံစမ်းပြီးတော့ KIO/KIA တရားရေးကော်မရှင်ကို တင်ပြရမယ်လို့ ညွန်ကြားထားတဲ့အတွက် ပြီးခဲ့တဲ့ ဧပြီလကတည်းက တင်ပြထားပြီလို့ သိရပါတယ်။

ဒါပေမယ့် လူသတ်မှုဖြစ်စဉ် ၄ လပြည့်တဲ့ မေလ ၂၅ ရက်နေ့အထိ KIO/KIA ဘက်ကနေ သတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေကို တစ်စုံတစ်ရာ အသိပေးပြောဆိုတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

အခြေအနေနှင့် ပတ်သက်ပြီး အမှုမှန်ဆောင်ရွက်ရေး အဖွဲ့ဝင်တစ်ယောက်က KNG ကို အခုလို ပြောပါတယ်။

နောက်ဆုံးအခြေနေ ပြောရမယ်ဆိုရင်တော့ KIO/KIA ကနေ ဒီအမှုဖြေရှင်းပေးဖို့အတွက် သီးသန့်တရားရေးကော်မရှင် ဖွဲ့ထားတယ်လို့သိရတယ်။ အဲ့ကြောင့် တရားလိုနာမည်တွေ၊ သက်သေတွေနဲ့ ပြစ်မှုကျူးလွန်ထားတဲ့ သူတွေရဲ့ အချက် အလက်တွေကို တင်ပြထားတယ်။ အခုဆို တင်ပြထားတာလည်း တစ်လလောက်ကြာသွားပြီ။ ဒါပေမယ့် သူတို့ဘက် ကနေ ဘာမှ ပြောဆိုလာတာမရှိသေးဘူး။ ကျနော်တို့ဘက်လည်း သူတို့ခေါ်လာမှာကိုစောင့်နေကြ တယ်ဟုတ်တယ် လို့ ပြောပါတယ်။

လက်ရှိအမှုစီရင်ရေးအတွက် KIO/KIA ဗဟိုဌာနချုပ်နေရာမှာ တရားစီရင်ရေး ကော်မရှင်ဖွဲ့စည်းပြီး လုပ်ဆောင်သွားမယ့် KIO/KIA ရဲ့ လုပ်ဆောင်ချက်ဟာ အမှုမှန်ဆောင်ရွက်ရေးအတွက် ပိုမိုကြန့်ကြာအောင် လုပ်ဆောင်နေတာလည်း ဖြစ်တယ်လို့ သူက ဆက်ဆိုထားပါတယ်။

အမှန်တော့ ဒီအမှုက တရားစီရင်ရေးကော်မတီတွေ ဖွဲ့ပြီးမှ လုပ်ဆောင်နေစရာတောင်မလိုဘူး။ ပြစ်မှုကျူးလွန်တဲ့ သူတွေကလည်း သူတို့ မှားတယ်လို့ ဝန်းခံထားတဲ့ အမှုလည်းဖြစ်တယ်။ အဲ့ကြောင့် စစ်တပ်မှာ ကျင့်သုံးနေဆဲဖြစ်တဲ့ ပြစ်မှု ပြစ်ဒဏ်နဲ့ ဆောင်ရွက်ဖို့ပဲလိုတယ်။ အခုက သူတို့က အများလုပ်ချင်သလိုက လုပ်ချင်ကြတယ်။ အများလုပ်သလိုက ပြန်မရောက်။ သူတို့လုပ်တဲ့ ပုံစံဆိုရင် သွားရလာရတာက ခက်ခဲ ဖြစ်တာက တစ်နေရာ တရားစီရင်တာက တစ်နေရာ ဒီလိုဆို ပိုပြီးတော့ ကြာသွားမှာဟုတ်တယ်ဟုပြောသည်။

KIO/KIA တရားစီရင်ရေးကော်မရှင်ထံ အမှုနဲ့ပတ်သက်ပြီး တင်ပြထားတဲ့အထဲမှာ မှန်ကန်တဲ့ တရားမျှတမှုရရှိဖို့၊ သတ်ဖြတ်မှုဖြစ်အောင် ပြစ်မှုကျူးလွန်သူတွေနဲ့ ဆက်စပ်ပြီး လွတ်မြောက်နေသူအချို့ ကို ဖမ်းဆီးအရေးယူပေးဖို့နဲ့ သတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေကို အပြစ်ဝန်ချတောင်းပန်ပေးဖို့ စတဲ့အချက်တွေပါရှိတယ်လို့သိရတယ်။

ဒါ့အပြင် တရားမျှတမှုနဲ့ အမှုမှန်ဆောင်ရွက်ရေးအတွက် လုပ်ဆောင်နေတဲ့ ကချင်လူထုအဖွဲ့အစည်းတွေနဲ့ KIO/KIA ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေပြီး လက်ရှိအမှုနဲ့ ပတ်သက်ပြီးတော့ ကြန့်ကြာနေတဲ့အတွက်ကြောင့် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးဖို့လည်း လိုအပ်နေပြီလို့ တောင်းဆိုထားပါတယ်။

အရပ်သား ၉ ဦး သတ်ဖြတ်ခံရတဲ့ ၄ လအတွင်းမှာ KIO/KIA ဘက်ကနေ သူတို့ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းများကို မိသားစုများနှင့် လူထုကော်မတီအပါ သွားရောက်ထုတ်ယူပြီး မြေမြှုပ်သဂြိုလ်ပေးမှုသာ ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဧပြီလ ၂၅ ရက်နေ့မှာတော့ သတ်ဖြတ်ခံရတဲ့ ပြည်သူ ၉ ဦးရဲ့ ၃ လပြည့်အောက့်မေ့ဖွယ် ဆုတောင်းပွဲအခမ်းအနားကို နမ္မတီးမြို့ လမ်းခွကျေးရွာမှာ ပြုလုပ်ကျင်းပခဲ့ပြီး အဲ့ဒီလအတွင်းမှာပဲ မြစ်ကြီးနား၊ ဆားမှော်နှင့် ဗန်းမော် စရှိတဲ့ နေရာတွေမှာ ပြည်သူ ၉ ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး လူထုအမှုမှန်ပေါ်ပေါက်ရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြတယ်လို့ သိရတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ သူတွေက အသက် ၄၇ နှစ် ဦးလော်ဒေးယောဟန်၊ အသက် ၄၉ နှစ် ဦးကျောင်စိုး၊ အသက် ၅၆ နှစ် ဦးလဇွမ်တူးလွမ့်၊ အသက် ၃၅ နှစ် လဇွမ်ထွယ်ရှောင်၊ အသက် ၂၈ နှစ် ဖော်မာခေါန်ဘူ၊ အသက် ၂၈ နှစ် အင်ဒေါင်ထုနန်၊ အသက် ၂၇ နှစ် ထွန်းယုံ၊ အသက် ၅၀ နှစ်အရွယ် မြင့်ထွေးနှင့် ဖိုးလေးတို့ဖြစ်ပါတယ်။

သူတို့တွေဟာ နှစ်ဆန်းစပိုင်းဖြစ်တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ လဝါးကျေးရွာအုပ်စု မဂေါင်တောင်ကျေးရွာ သတ်ဖြတ်ခံရတဲ့  ဦးကျော်စိုးရဲ့ အခင်းနေရာမှာ ရှိနေတဲ့အချိန်  ည ၈ နာရီလောက် KIA နဲ့ PDF အဖွဲ့တို့က ရောက်ရှိလာပြီးတော့ ဖမ်းဆီးသွားပြီး ၆ နာရီအတွင်းမှာတင် သတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button