သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သည့် အမျိုးသား ၃ ဦးကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

ပူတာအိုမြို့တွင် သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့သည့် အမျိုးသား ၃ ဦးကို ထောင်ဒဏ်အနှစ် ၂၀ အသီးသီး ချမှတ်လိုက်ပြီ ဖြစ်ကြောင်း ကျူးလွန်ခံရသည့် မိသားစုဝင်များထံမှ သိရသည်။

ပူတာအိုတွင် ယခုနှစ်ဆန်းပိုင်းအတွင်း သက်ငယ် မုဒိမ်းမှု ဖြစ်စဉ် ၂ ခုဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်များတွင် ပြစ်မှုကျူးလွန်ခဲ့သော အမျိုးသား ၃ ဦးကို မေလ ၃၀ ရက်နေ့ ၆ ကြိမ်မြောက် ရုံးချိန်းတွင် ပူတာအိုခရိုင်တရားရုံးမှ တစ်ဦးလျှင် ထောင်ဒဏ်အနှစ် ၂၀ စီ အမိန့်ချမှတ်လိုက်ကြောင်း ကျူးလွန်ခံရသည့် ကလေးငယ်များ၏ အုပ်ထိန်းသူ ကိုရဲ (ပူတာအို) က KNG ကို ပြောသည်။

“တရားရုံးတက်တဲ့အချိန်တုန်းကလည်း သူသိပ်မငြင်းဘူး သူဝန်ခံတယ် အပြစ်ခံယူဖို့စောင့်နေတာဆိုတဲ့ စကားလုံးလည်း ထွက်လာတယ်၊ ကျန်တဲ့ ကျူးလွန်သူနှစ်ယောက်ကိုလည်း အဲ့နေ့မှာဘဲအတူတူ ချမှတ်လိုက်တာ၊ ၃ ယောက်လုံးက သက်ငယ်မုဒိန်းမှုဘဲ၊ ကျွန်တော်တာဝန်ယူ ဖြေရှင်းပေးတာက ၁ မှုဘဲ” ဟု ပြောသည်။

ပြစ်မှုကျူးလွန်သည့် တရားခံ ၃ ဦးအနက် ပထမနှစ်ဦးသည် ယမန်နှစ် ဒီဇင်ဘာလ နှင့် ယခုနှစ် မတ်လအထိ အသက် ၁၂  နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိန်းကျင့်ခဲ့သူများဖြစ်ပြီး၊ ကျန်တရားခံ ၁ ဦးသည် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ပြီးခဲ့သည့် ၆ နှစ်ကတည်းက မုဒိန်းကျင့်ခဲ့သူ ဖြစ်သည်။

ပထမဖြစ်စဉ်မှာ ပူတာအိုမြို့အနီး ကျေးရွာတစ်ရွာမှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား စစ်ကောင်စီတပ်မှ ခေါ်ယူထားသည့် အလုပ်သမား အသက် ၃၀ ဝန်းကျင် အောင်ဖြိုးဝေဆိုသူက ပြီးခဲ့သည့် ဒီဇင်ဘာလ လကုန်းပိုင်းတွင်  မုဒိန်းပြုကျင့်ပြီး နောင်မွန်သို့ထွက်ပြေးသွားရာ စစ်ကောင်စီတပ် လက်အောက်ခံ ပူတာအိုရဲဌာနမှ ဖမ်းဆီးလိုက်သည်။

ထို့နောက် နှစ်ပတ်အကြာ ထောင်မှပြန်လည်လွှတ်မြောက်လာပြီးနောက် မိန်းကလေးငယ်နေထိုင်သည့်နေရာသို့ပြန်လည်ရောက်ရှိလာပြီး ထပ်မံမုဒိန်းပြုကျင့်ရန် လုပ်ဆောင်လာစဉ် မိန်းကလေးငယ်မှာထွက်ပြေးကာ နေအိမ်တစ်အိမ်တွင် သွားရောက်ခိုလှုံခဲ့ကြောင်း သိရသည်။

သို့သော် မိန်းကလေးငယ် သွားရောက်ခိုလှုံသည့်နေအိမ်မှ အိမ်စောင့် အသက် ၄၈ အရွယ် စံထွန်းဆိုသူမှ ထပ်မံမုဒိန်းပြုကျင့်ခဲ့ကြောင်း မိသားစုဝင် နှင့် နီးစပ်သူကပြောသည်။

အလားတူ နောက်ထပ်ဖြစ်စဉ်သည် မတ်လတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ဖြစ်သည်။ ဖြစ်စဉ်အသေးစိတ်မှာ ပူတာအိုမြို့  မြို့မရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်အား ပထွေးဖြစ်သူ ဦးဌေးဝင်းမှ မိန်းကလေးငယ် အသက် ၆ နှစ်အရွယ်မှစပြီး မုဒိန်းပြုကျင့်မှု စုစုပေါင်း ၁၈ ကြိမ်ကျူးလွန်ခဲ့ကြောင်း သိရသည်။

မိခင်ဖြစ်သူနှင့် အိမ်ထောင်ကျနေစဉ်အတွင်းမှာပင် ကလေးငယ်ကို အကြိမ်ကြိမ်မုဒိန်းပြုကျင့်ခဲ့ပြီး စုစုပေါင်း ၁၈ ကြိမ်ထိ ကျူးလွန်ခဲ့သည့်အပြင် ပထွေးဆိုသည့်အမျိုးသား၏အင်္ဂါတွင်လည်း သံဂေါ်လီ ဆိုသည့်အရာတပ်ဆင်ထားပြီး ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ကိုရဲ (ပူတာအို)က ပြောသည်။

မုဒိန်းမှု ကျူးလွန်သည့် ဦးဌေးဝင်းသည် စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်မှ ပူတာအိုမြို့တွင် ဆေးသုတ်လုပ်ငန်း လာရောက်လုပ်ကိုင်သူ ဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာလအတွင်း အမျိုးသားနှစ်ဦးထံ၏ အဓ္ဓမပြုကျင့်မှုကို ခံခဲ့ရသည့် မိန်းကလေးအား ပူတာအိုမြို့မှ ဂေဟာတစ်ခုတွင် ကာကွယ်စောင့်ရှောက်ထားပြီး ကျန်မိန်းကလေးတစ်ဦးအား ကိုရဲ (ပူတာအို) ၏ အုပ်ထိန်းမှုအောက်တွင် လုံခြုံစွာ ရှိနေကြောင်း သိရသည်။

အထက်ပါ သက်ငယ်မဒိန်းမှု ဖြစ်စဉ်နှစ်ခုလုံးတွင် ပြစ်မှုကျူးလွန်သူများမှာ ဒေသခံများမဟုတ်ဘဲ ပြည်နယ်ပြင်ပမှ ရွေ့ပြောင်းအလုပ်သမားအဖြစ် ပူတာအိုသို့ ရောက်ရှိလာသူများ ဖြစ်ကြသည်ဟု သိရသည်။

ပူတာအိုမြို့တွင် ယခုကဲ့သို့ သက်ငယ်မုဒိမ်းမှု ဖြစ်လာရခြင်းအပေါ် ထင်မြင်ချက်အား ကိုရဲ (ပူတာအို) က KNG ကို ယခုလို သုံးသပ်ပြောဆိုသည်။

“အခုဖြစ်တာက ဒေသခံတွေမဟုတ်ဘူး၊ အောက်ပိုင်းကတက်လာတဲ့ ရွေ့ပြောင်း အလုပ်သမားတွေ၊ ဒီဟာက ဒေသခံ အသက်မပြည့်သေးတဲ့ ကလေးတွေကို တမင် နှိမ့်စက်အနိုင်ကျင့်တဲ့ သဘောမျိုးသက်ရောက်တယ်၊ အခုလက်ရှိဖြစ်နေတဲ့ သူတွေတောင်မှ သုံးလေးယောက်ကို ကျူးလွန်တယ်ဆိုရင် တစ်ခြား အလုပ်သမားတွေကကော တစ်ခြားသောကလေးတွေကို မလုပ်ဘူးလို့ ပြောလို့မရဘူး” ဟုပြောသည်။

ပူတာအိုတွင် ယခင်ကလည်း အသက်မပြည့်သေးသော မိန်းကလေးများကို အဓမ္မပြုကျင့်သည့် ဖြစ်စဉ်များရှိခဲ့သော်လည်း တရားဥပဒေအရ အရေးယူမှုပိုင်းတွင် အားနည်းမှုများရှိကြောင်း သိရသည်။

ပြစ်မှုကျူးလွန်ခံရသည့် မိန်းကလေးငယ်နှစ်ဦးအနက် ကိုရဲ(ပူတာအို) စောင့်ရှောက်နေသည့် မိန်းကလေးငယ်အတွက် အစစအရာရာ ကူညီထောက်ပံ့မှု လိုအပ်နေကြောင်း သိရသည်။

အုပ်ထိန်းသူသည် မိုးရာသီတွင် အလုပ်ရပ်နားထားရသဖြင့် ဝင်ငွေမရှိသည့်အတွက် ၎င်းမိန်းကလေးအပါအဝင် မောင်နှမ ၂ ဦးအား စောင့်ရှောက်ရန် ငွေကြေးအခက်အခဲ ရှိသောကြောင့် အကူအညီများ လိုအပ်ကြောင်း ဆက်ပြောသည်။

“ကျွန်တော်က စားဝတ်နေရေးအတွက် ရေခဲတောင်တက် အလုပ်ကို အဓိကလုပ်တာဆိုတော့ မိုးရာသီဆို ကျွန်တော့မှာ ဝင်ငွေမရှိဘူး၊ ကျွန်တော့ မိဘတွေနဲ့ ကလေးသုံးယောက်ကို လုပ်ပေးဖို့က မလွယ်ဘူးလေ၊ အခု သူတို့ကို ကျောင်းလည်း ထားပေးဖို့ လုပ်ထားတယ်၊ ကျောင်းဝတ်စုံတွေ၊ စာအုပ်၊ စာရေးကိရိယာတွေဖြစ်ဖြစ် ကူညီပေးစေချင်တယ်” ဟုပြောသည်။

အထက်ပါ မိန်းကလေး၏ စိတ်ပိုင်းဆိုင်ရာ နှင့် ခန္ဓာပိုင်းဆိုင်ရာ ကုသမှုများအတွက် မည်သည့်အဖွဲ့အစည်းများကို အကူညီတောင်းရမည်မသိသောကြောင့် ပါဝင်ကူညီပေးရန်အတွက် တောင်းဆိုထားသည်။

Show More

Related Articles

Back to top button