သတင်း

ကသာရှိ ကျေးရွာတစ်ရွာ မီးရှို့ဖျက်ဆီးခံပြီး နေအိမ် ၁၀၀ ကျော် မီးလောင်

ကသာမြို့နယ် ညောင်ခြေထောက်ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဝင်ရောက်မီးရှို့ခဲ့သောကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ဘက်မှ ညောင်ခြေထောက် ကျေးရွာသို့ ဝင်ရောက်လာပြီး ထောက်ပို့ရွာဟု‌ဆိုကာ နေအိမ်များကို မီးရှို့သွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကဆိုသည်။

“ညောင်ခြေထောက်မီးရှို့ခံခဲ့ရပါတယ် ထောက်ပို့ကျေးရွာတွေဆိုပြီးရှို့တာပါ မြစ်ကမ်းဘေးကနေစပြီးရှို့တာ နေအိမ် ၁၀၀ကျော်လောက်ဆုံးရှုံးတယ်။ သူတို့​ ရေကြောင်းကလာကတည်းက ဒေသခံတွေကတော့ ကြိုတိမ်းနေကြတာ” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် အင်အား ၂၀၀ နီးပါးရှိပြီး ယမန်နေ့ နံနက်ပိုင်းက ထီးချိုင့်မြို့မှ ကသာမြို့ ဘက်သို့ ရေကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကြောင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များ ရေကြောင်းအတိုင်း ဆန်တက်လာရာမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဒေသခံ ၅ ထောင်ဝန်းကျင် တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိထွက်ပြေးတိမ်းရှောင်နေရသော မြစ်ကမ်းနံဘေးကျေးရွာများမှာ မြတောင်အနီးရှိ တက်ကျ၊ ရေကန်၊ ကိုးတဲ၊ ဝဲကြီး၊ ကမ်းနီ၊ ကျောက်မှော်၊ နတ်အင်း၊ အင်းတမွတ်၊ ညောင်ခြေထောက်၊ သံပုရာ တို့ဖြစ်သည်။

မီးရှို့ခံခဲ့ရသည့် ညောင်ခြေထောက်ကျေးရွာသည် ဧရာဝတီမြစ်ကမ်းနဘေးတွင်ရှိပြီး အိမ်ခြေ ၄၀၀ ခန့်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ကသာ နှင့် ထီးချိုင့်အစပ်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ပြီးခဲ့သည့် မတ်လ အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး နှစ်လအကြာတွင် စစ်ကောင်စီတပ်က တကျော့ပြန်စစ်ရေးလှုပ်ရှားနေခြင်း ဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

Show More

Related Articles

Back to top button