လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ခင်ဦးတွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ကျေးရွာ ၇၅ ရွာမီးရှို့ခံရ

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာပြီးနောက် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာ ၇၅ ရွာအထိ ရှိလာပြီး မီးဘေးသင့်ပြည်သူ ၃ သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ၂၀၂၃ ဖေဖော်ဝါရီလမှစပြီး စစ်ကောင်စီတပ်သည် နိုင်ငံတစ်ဝန်း မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာပြီးနောက် နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ခင်ဦးမြို့နယ်ရှိ ကျေးရွာများအား ဆက်တိုက်မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေး အဖွဲ့မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

“အာဏာသိမ်းပြီးနောက်မှာ ခင်မြို့နယ်မှာရှိတဲ့ ရွာပေါင်း ၇၅ ရွာ မီးရှို့ဖျက်ဆီးခံရတာ မီးဘေးသင့်ပြည်သူကလည်း ၃သောင်း ကျော်လာတယ် တိုးလာနေတယ်။ အဓိကတော့ နေ့စဥ်စား ဝတ်နေရေးအတွက်ရုန်းကန်နေရတယ် နေစရာတွေရော ခက်ခဲနေတာပေါ့ “ ဟု ခင်ဦးသတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ကျေးရွာပေါင်း ၁၇၄ ရွာရှိသည့် ခင်ဦးမြို့နယ်သည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ကျေးရွာ ၇၅ ရွာမှ  နေအိမ်ပေါင်း ၆၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရသည်။

ယင်းမီးဘေးသင့် ပြည်သူ ၃ သောင်းကျော်သည် စစ်ကြောင်းမထိုးနိုင်သည့် ဘေးလွှတ်ရာတောများ၊ ကျေးရွာများမှ စာသင်ကျောင်း၊ဘုန်းကြီးကျောင်းများနှင့် မီးရှို့ဖျက်ဆီးခံခဲ့ရာမှ ကျန်ရှိခဲ့သော သွပ်များနှင့် ယာယီတဲအဖြစ် ဆောက်လုပ်ကာနေထိုင်နေကြရသည်ဟု စစ်ရှောင်ကူညီနေသူများကဆိုသည်။

မီးရှို့ခံခဲ့ရသော နေအိမ်ပေါင်း ၆၀၀၀ ကျော်ထဲတွင် ၄၀၀၀ ကျော်သည် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ နေအိမ်များဖြစ်ပြီး စားနပ်ရိက္ခာနှင့် နေစရာအခက်အခဲများ ကြုံနေရသည်ဟု မီးဘေးသင့်ပြည်သူတစ်ဦးက ဆိုသည်။

“နေ့စဥ်နဲ့အမျှကို အကူညီတွေလိုအပ်နေပါတယ် စစ်ကြောင်းကလည်း ထိုးနေဆဲဆိုတော့ နေ့တိုင်းကို ပြေးနေရတုန်းပါ နေ့စဥ်စားဝတ်နေရေးအတွက်က နေ့စဥ်ပုံမှန်အလုပ်ရှိမှလေ အခုကအလုပ်မရှိတော့ အလှူရှင်ရှိမှ သူတို့အဆင်ပြေတာ တစ်ရက်ကို တစ်နပ်ပဲစားရတာရှိသလို တစ်ခါတစ်လေဘာမှမစားပဲ ဆန်ပြုတ်ပဲသောက်ရပါတယ်” ဟု ပြောသည်။

ခင်ဦးမြို့နယ်ကို ခမရ-၃၆၄ နှင့် ခလရ-၇၀၁ စစ်ကြောင်း ၂ခုက ယခုနှစ်ဖေဖော်ဝါရီလဆန်းပိုင်း စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်းတွင် ကျေးရွာများကို ဆက်တိုက် နယ်မြေရှင်းလင်းရေးဟူသည့်ခေါင်းစဥ်ဖြင့် ဝင်ရောက်စစ်ကြောင်း ထိုးမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် နေအိမ်ပေါင်း ၆သောင်းကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး အရပ်သားပြည်သူ ၁ဒဿမ ၅သန်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမူဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA က မတ်လ ၃ရက်နေ့က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button