သတင်း

စစ်ကောင်စီဖမ်းဆီးသွားသည့် ကောလင်းဒေသခံများထဲမှ ၈ ဦးသတ်ဖြတ်ခံရ

ကောလင်းမြို့နယ် ကျေးရွာအချို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဥ် ဖမ်းဆီးသွားခံရသော ဒေသခံပြည်သူ  ၁၆ ဦးထဲမှ ၈ဦး ကို နှိပ်စက်ဒဏ်ရာများဖြင့် သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့သည်ဟု Kawlin Revolution – KR ထုတ်ပြန်ထားသည်။

မေလ ၂၈ ရက်နေ့မှစပြီး စစ်ကောင်စီ စစ်ကြောင်းသည် ကောလင်းမြို့နယ် ခံသာတိုက်နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် ဖမ်းဆီးခံသွားရသည့် ဒေသခံ ၁၆ ဦးအနက် ၈ ဦး၏  သတ်ဖြတ်ခံထားရသည့် အလောင်းတွေ့ရှိခဲ့ပြီး ၃ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကာ ၅ ဦးပြန်လည်လွတ်မြောက်ခဲ့ပြီဟု သိရသည်။

ဒေသခံတွေအမျိုးသားတွေပေါ့ ဖမ်းဆီးခံရတာ ၈ယောက်တော့အလောင်းတွေ့တယ်။ ခံသာတိုက်နယ်ထဲက မုတ်ဝရွာ ဒေသခံတွေပဲ လည်လှီးသတ်ဖြတ်ခံထားရတာ။ ပျောက်ဆုံးနေတဲ့သူတွေကိုတော့ရှာဖွေနေဆဲပါဟုကောလင်းမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

သတ်ဖြတ်ခံခဲ့ရသည့် ရုပ်အလောင်းများကို မုတ်ဝကျေးရွာနှင့် သစ်ဖုလှတောင်ဘက် တစ်ဆူတောင်အနီး သစ်တောထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

ပျောက်ဆုံးနေဆဲဒေသခံများများသည် ချပ်ကုန်း၊ အင်းယား၊ ဘန်ဘွေးကုန်းမှ ကျေးရွာများမှ ဒေသခံများဖြစ်ကြောင်း သိရသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဒေသခံပြည်သူ ၃၆၀၀ ကျော်သတ်ဖြတ်ခံခဲ့ရသည်ဟု နိုင်ငံရေးအကျဥ်းသားစောင့်ရှောက်ရေးအသက်း (AAPP) ကဇွန်လ၂ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button