သတင်း

ရွှေတူးဖော်သည့်လုပ်ကွက်တွင် ဘက်ဟိုးမောင်းသည့် သားအဖ ၂ ဦးကို စစ်တပ် ဖမ်းဆီး

ကချင်ပြည်နယ် ရွှေကူမြို့နယ်အနောက်ဘက်ခြမ်း ငါးဘတ်ကြီးကျေးရွာတွင် စစ်ကောက်စီ စစ်ကြောင်းဝင်ရောက်လာချိန် ရွှေတူးဖော်နေသည့်လုပ်ငန်းခွင်မှ ဘက်ဟိုးမောင်းသည့် သားအဖနှစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လ ၇ ရက်နေ့ ညပိုင်းက ရွှေကူမြို့နယ်ရှိ ငါးဘတ်ကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာချိန် ယခုလို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရွှေကူမြို့ ပေါ်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

”စစ်သားတွေက မနေ့ညနေပိုင်းက ငါးဘတ်ကြီးဘက်ကို ကားခြောက်စီးနဲ့ပတ်တာ အဲ့ငါးဘတ်ကြီးမှာရွှေတူးနေတဲ့ ရွှေမော်ကိုရပ်နားခိုင်းတယ်ပြီးတော့ သူတို့နဲ့တိုးမိတဲ့ဘတ်ဖိုးမောင်းတဲ့ သားအဖနှစ်ယောက်ကိုလည်း ဖမ်းသွားတယ် ။ သေနတ်နဲ့ချိန်ပြီးရပ်ခိုင်းတာလို့သိရတယ်”ဟု အထက်ဖော်ပြပါ အမျိုးသမီးပြောသည်။

ဖမ်းဆီးခံရသည့် သားအဖနှစ်ဦးသည် ရွှေကူ ငါးဘတ်ကြီးဒေသခံဟု သိရပြီး ဘတ်ဖိုးတစ်စီးနှင့်အတူ သားအဖနှစ်ဦးကို ရွှေကူအခြေစိုက်တပ်ရင်းထဲသို့ ခေါ်သွားကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီစစ်သားများသည် ယမန်နေ့ညပိုင်းတွင် ထော်လာဂျီ ၊ တုံဖုံးကားများ စုစုပေါင်းကားခြောက်စီးဖြင့် ရွှေကူ ငဘတ်ကြီးဘက်သို့ လည့်လှည်စစ်ကြောင်းထိုးခဲ့ကြောင်း သိရသည်။

”အဓိကတော့မနေ့တုန်းကတော့ ဟိုရက်ပိုင်းကမှ ရှေ့တန်းကပြန်ခဲ့တဲ့ပြည်တော်ပြန်စစ်သားတွေကို လိုက်ပို့တဲ့ပုံစံပဲ အင်အားပြတာနေမှာ အရပ်သားကား ၆ စီးအပြည့်ပဲ အဲ့စစ်ကြောင်းက ဖမ်းတာဟုတ်တယ်။ ဒီနေ့တော့ငြိမ်တယ် မနေ့က တစ်ရက်ထဲပဲ” ဟု နောက်ထပ်ဒေသခံအမျိူးသမီးတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့်သားအဖနှစ်ဦး၏ အမည်နာမကိုစုံစမ်းနေဆဲ ဖြစ်ပြီး ပြန်လွတ်လာခြင်းရှိမရှိ အသေးစိတ်ကို မသိရှိရသေးပေ။

ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်က တရားမဝင်ရွှေတူးဖော်နေသည့် နေရာများတွင် ရုတ်တရက်ဝင်ရောက် ဖမ်းဆီးမှုများ မကြာခနရှိနေသည့်အပြင် ယခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း ငပေါက်ဝကျေးရွာ အရှေ့ဘက် သင်္ဘောအင်းအနီး ဧရာဝတီမြစ်ကမ်းတွင် လက်လုပ်လက်စားရွှေတူးနေသည့် ပြည်သူများကို တိုက်ပွဲမဖြစ်ပဲအကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရွှေကျင်နေသည့် အရပ်သား ၂ ဦး ဗုံးထိမှန်သေဆုံးခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တရားမဝင်ရွှေတူးဖော်မှုများ ပိုမိုများလာသည့်အပြင် စစ်တပ်ဘက်ကလည်း အယောင်ပြဖမ်းဆီးပြီး ငွေဖြင့်ပြန်ရွေးခွင့်ပြုနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button