စစ်ပြေးဒုက္ခသည်များသတင်း

နေရပ်ပြန် မလိဆွတ်ယန်ကျေးရွာတွင် စာသင်ကျောင်းမဖွင့်နိုင်သဖြင့် မူလစစ်ရှောင်စခန်းသို့ ပြန်ရန် ဆုံးဖြတ်

မြစ်ကြီးနား – ဆင်ဘို လမ်းမပေါ်ရှိ မလိဆွတ်ယန်နေရပ်ပြန်ကျေးရွာတွင် စာသင်ကျောင်းမရှိသေးသောကြောင့် ကျောင်းသားရှိသော အိမ်ထောင်စုများသည် မူလစစ်ရှောင်စခန်းဖြစ်သည့် မြစ်ကြီးနား စီတာပူစစ်ရှောင်စခန်းတွင် ပြန်လည်နေထိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မလိဆွတ်ဒေသခံပြည်သူများသည် ဆယ်စုနှစ်တစ်စုကြာ မြစ်ကြီးနားမြို့ စီတာပူ KBC စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင် နေရာကနေ ယခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် နေရပ်ပြန်ခဲ့သည်။

သို့သော် ပြန်လည်ထူထောင်ရေး ကာလဖြစ်သည့်အတွက် ကလေးများစာသင်ကြားနိုင်ရေး စာသင်ကျောင်းဆောက်လုပ်နိုင်ခြင်း မရှိသေးသောကြောင့် မူလစစ်ရှောင်စခန်းတွင် ပြန်လည်နေထိုင်ခွင့်ပြုပေးရန် တောင်းဆိုခဲ့ရာ တာဝန်ရှိသူများမှ သဘောတူခဲ့သည်ဟု မလိဆွတ်ယန်ဒေသခံတစ်ဦးက ပြောသည်။

ဒီမှာ မူလတန်းခမူကြိုတွေလည်းပြန်ဖွင့်ရအောင်ဆိုပြီး အစိုးရကျောင်းလို မဟုတ်ရင်တောင် အသင်းတော်ကနေ တစ်နိုင်တစ်ပိုင် လုပ်ရအောင်ဆိုပြီး အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပေမဲ့ အိမ်တွေတောင်မှ မရှိသေးတာ ကျောင်းပြန်ဆောက်ဖို့ ကူညီမဲ့သူတွေလည်း မရှိဘူးလေ၊ ဆရာမတွေလည်း မရှိတဲ့အတွက် နဂိုစစ်ရှောင်စခန်းမှာ ပြန်နေကြဖို့ဖြစ်လာတာဟုပြောသည်။

သို့သော်လည်း ကျောင်းသားရှိသည့် မိသားစုများသာ လာရောက်နေထိုင်ရန်ဖြစ်ပြီး ကျောင်းသား ၅၀ ဝန်းကျင်ရှိကြောင်း သိရသည်။

ဟိုမှာက ကျွန်မတို့ အိမ်တွေလည်း မရှိသေးတော့ ပိုခက်တာပေါ့၊ အခုထိ မိုးကားတွေ အုပ်ပြီးနေတာ ကျွန်မတို့ကို ဘယ်အချိန်မှာများ လာလုပ်ပေးမလဲ၊ ကျောင်းတွေပြန်ဆောက်ပေးမလဲ၊ ဖွင့်ပေးမလဲဆိုပြီးစောင့်နေကြတာ၊ ဆရာမတွေလည်း မရှိ၊ ကျောင်းဖွင့်ချိန်နီးလာတဲ့အထိဘာမှ မလုပ်ပေးတော့ ဒီကိုဘဲပြန်လာနေတာကောင်းတယ်ဆိုပြီး လာခဲ့ကြတာဟု စစ်ရှောင်မိခင်တစ်ဦးက KNG ကိုပြောသည်။

ကျောင်းသားမရှိသော အိမ်ထောင်စု ၂၀ စု၊ လူဦးရေ ၁၀၀ ခန့်သည် ကျေးရွာအတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်စားသောက်ရင်း နေထိုင်လျက်ရှိကြောင်း သိရသည်။

မလိဆွတ်ယန် စစ်ရှောင်ပြည်သူများသည် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တစ်ကျော့ပြန် တိုက်ပွဲကြောင့် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် စီတာပူ KBC စစ်ရှောင်စခန်းသို့ စတင်ခိုလှုံလာရာမှာ ၁၀ နှစ်ကျော်ကြာ ၂၀၂၃ခုနှစ် ဧပြီ ၂၄ တွင် နေရပ်ပြန်ခဲခြင်း ဖြစ်သည်။

သို့သော်လည်း မေလကုန်ပိုင်းတွင် ကလေးသူငယ်များ၏ ပညာရေးကြောင့် အိမ်ထောင်စု တစ်ဝက်ခန့် စစ်ရှောင်စခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button