သတင်း

ထောက်ပို့အမျိုးသားသုံးဦးကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး ၂ ဦးဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ထောက်ပို့အမျိုးသားသုံးဦး စစ်ကောင်စီတပ်၏ လိုက်လံ ပစ်ခတ်ဖမ်းဆီးမှုကိုခံရပြီး တစ်ဦးသေဆုံးကာ ၂ ဦး ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

အေးမြသာယာရပ်ကွက်မှ ကိုမောင်အေး၊ မော်တောင်းကျေးရွာမှ ကိုသိန်းနှင့် ရှရော်ခါးကျေးရွာမှ ဦးမြင့်လွင်တို့သည် ဇွန်လ ၈ ရက်နေ့ ည ၄ နာရီခွဲအချိန်တွင် မော်တောင်းကျေးရွာဘက်မှ ဖားကန့်မြို့တွင်းသို့လာစဉ် စစ်ကောင်စီတပ်၏ လိုက်လံပစ်ခတ် ဖမ်းဆီးခံရသည်ဟု ဖားကန့် KIA  PDF နှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောသည်။

မနေ့က ဦးသိန်းအိမ်မှာ ဦးမောင်အေးနဲ့ ဦးမြင့်လွင်က အဲမှာခနဝင်တာ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့တွေက ထောက်ပို့တွေ ဟုတ်တယ်။ သူတို့တွေက ထောက်ပို့ကိစ္စသွားပြီးအပြန်မှာ ဝင်တာဝင်တဲ့ချိန်မှာ သူတို့မိတ်ဆွေတွေက အမြဲတမ်းတွေ့ဆုံ နေကြတာဘဲ။ ဦးသိန်းအိမ်ဝင်ပြီး စကားပြောကြတာ။ အဲမှာဝင်ဖမ်းတာ အဲချိန်ဦးမောင်အေးက သူ့ကားပါလာတော့ သူ့ကားဘက်ကိုပြေးတာ အဲချိန်မှာ သေနတ်နဲ့လိုက်ပစ်တော့ ဦးမောင်အေးက မြောင်းထဲကျသွားတာ အဲမှာစစ်သားတွေက မြောင်းထဲကနေ ဆွဲထုတ်လာပြီး သူတို့စစ်ကားနောက်ဖုံးထဲ ပစ်ထည့်လိုက်တာ ဒီမနက်ကြားရတာတော့ ဦးမောင်အေးကဆုံးပြီး ဦးမြင့်လွင်လည်း တော်တော်နှိပ်စက်ခံထားရတယ်ကြားတယ်ဟု ပြောသည်။

ဖမ်းဆီးခံရမှုဖြစ်စဉ်တွင် သေနတ်ထိမှန်သေဆုံးသွားသူသည် ကိုမောင်အေး၊ အေးမြသာယာရပ်ကွက်တွင် နေသူဖြစ်ပြီး ကျန်၂ဦး၏ အခြေအနေကို အတည်ပြုရန် ခက်ခဲနေဆဲ ဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစပြီး စစ်ကောင်စီတပ်များသည် ဖားကန့်နယ်မြေတစ်ခုလုံးကို အပြည့်အဝထိန်းချုပ်ရန် ကြိုးစားလာပြီးနောက် မတ်လတွင် တပ်မမှူအပြောင်းလဲလုပ်ခဲ့ကြောင်း သိရသည်။

တပ်မမှူးအပြောင်းအလဲပြုလုပ်ပြီးနောက် အရပ်သားပြည်သူများအပြင် KIA  PDF နှင့် ပတ်သက်ဆက်နွယ်သူများအား ဖမ်းဆီးရမိပါက ရဲဌာနကို အပ်တော့မည်မဟုတ်ဘဲ ရှင်းပစ်ဖို့ တပ်မမှူးက ညွန်ကြားထားကြောင်း တပ်နှင့် နီးစပ်သူများထံမှ သိရသည်။

လက်ရှိဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်အနေဖြင့် အင်အားအလုံးအရင်းသုံးပြီး နေ့၊ ည ဖမ်းဆီး သတ်ဖြတ်မှု ဖောက်ခွဲမှုများ လုပ်ဆောင်နေသည့်အတွက် KIA  PDF များလည်း ဖမ်းဆီးခံရမှု ပိုမိုများလာသည့်အပေါ် တော်လှန်ရေးတွင် ပါဝင်နေသည့် အမျိုးသားက ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။

လောလောဆယ် ဒီရက်ပိုင်းတွေမှာ သူတို့ ဖမ်းဆီးခံရတာတွေများတယ်လေး လူငယ်တွေ အဲ့ဒီကနေပြီးရတဲ့ အချက်အလက်တွေနဲ့လည်း ဖြစ်နိုင်တာပေါ့။ ဒါကြောင့်ဒီအဖမ်းအဆီးတွေ ရပ်ထဲရွာထဲတွေ ဝင်ချင်တိုင်းဝင် မွှေချင်တိုင်းမွှေနေတာလည်း အဲ့ဒီအချက်နဲ့လည်းသက်ဆိုင် တာပေါ့ ။လောလောဆယ် ဒီထောက်ပို့တို့ PDF တို့ကိုတော့ သဲကြီးမဲကြီးဖမ်းဆီးနေတာတွေ တွေ့ရတယ်ဟု ဆိုသည်။

ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်က အိမ်စီးကားများအသုံးပြု၍ လှုပ်ရှားနေခြင်း၊ စစ်တပ်ထောက်လှမ်းရေးများကို အရပ်ဝတ်များ ဝတ်ဆင်ကာ ပြည်သူအယောင်ဆောင်ကာ သတင်းထောက်လှမ်းနေခြင်းတိုကြောင့်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှုပိုမိုဖြစ်ပွားနေကြောင်း သိရသည်။

မေလ ၂၄ ရက်နေ့ကလည်း လုံးခင်းကျေးရွာရှိ တည်းခိုခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး တည်းခိုခန်းတွင် တည်းခိုနေသည့်အမျိုးသား ၅ဦး ဝင်ဖမ်းခဲ့ရာ လေးဦးပြန်လွတ်ပေးခဲ့ပြီး တစ်ဦးကို KIA  PDF နှင့် ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button