သတင်း

လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ သေနတ်ပစ်သတ်ခံရ

ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု လက်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ယနေ့ နေ့လည် ၂ နာရီဝန်းကျင် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်သတ်ခံရသည့် ဦးကျော်ဆွေသည် လုံးခင်းကျေးရွာ ရပ်ကွက် ၅ အပိုင်းရှိ သူ၏ နေအိမ်အတွင်းရှိနေစဉ် အမျိုးသား နှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး ခေါ်ဆောင်သွားရာမှ ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု လုံးခင်းဒေသခံတစ်ဦးကပြောသည်။

နေ့လည် တစ်နာရီခွဲလောက်က အမျိုးသားနှစ်ဦး ရောက်လာခဲ့ပြီး စကားခနပြောချင်တယ်ဆိုပြီး ၁နာရီခွဲမှာလာခေါ်သွားတာ ၁နာရီ ၄၅ မိနစ်လောက်တော့ သေနတ်သံကြားရတော့လုံးခင်းသုသာန်အနားမှာနေတဲ့သူတွေ သေနတ်သံကြားလို့ ထွက်ကြည့်တာ ပစ်သတ်ခံထားရတာလို့ သိရတယ်ဟုပြောသည်။

ပစ်သတ်ခံရပြီး သေဆုံးနေသည့် ဦးကျော်ဆွေ ရုပ်အလောင်းအား လုံးခင်း သုသာန်ဧရိယာတွင် တွေ့ရှိခဲ့ပြီး သူ၏ နားထင်အောက်နေရာမှ ကျည်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံး‌နေကြောင်းသိရသည်။

လက်ရှိ ရုပ်အလောင်းကို လုံးခင်းသင်္ဂဟ လူမှုကူညီရေးအသင်းအကူအညီဖြင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိသည်ဟုသိရသည်။

ဦးကျော်ဆွေသည် ယခင်အာဏာသိမ်းမှုမဖြစ်ခင် လုံးခင်းကျေးရွာအုပ်စု ရပ်ကွက် ၅ တွင် ရာအိမ်မှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖားကန့်မြို့နယ်ရှိ လုံးခင်းကျေးရွာအုပ်စုတစ်စုလုံး၏ အုပ်ချုပ်ရေးမှူးတာဝန်ယူကြောင်း သိရသည်။

ဘာကြောင့် သတ်ခံရလဲဆိုတာတော့ ပြောရခက်တယ် ကိုကျော်ဆွေက လက်ရှိစစ်တပ်လက်အောက်မှာ အုပ်ချုပ်ရေးမှူးတာဝန်ယူထားလို့လည်းဖြစ်နိုင်တယ် တိတိကျကျတော့ ပြောဖို့ခက်တယ်ဟုနောက်ထပ်ဒေသခံတစ်ဦးကပြောသည်။

ဖားကန့်မြို့နယ်တွင် အာဏာသိမ်းပြီးနောက် ဆန်းကြွယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်မောင် ပစ်ခတ်ခံခဲ့ရသည့်ဖြစ်စဉ်ရှိခဲ့ပြီး ယနေ့တွင်လည်း လုံးခင်းအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရမှုဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ်အတွင်းမှ ပြီးခဲ့သော တစ်လတာအတွင်း ဖားကန့်၊ မိုးညှင်း၊မြစ်ကြီးနားမြို့ စသည့်မြို့နယ်များမှ အကြောင်းအမျိုးမျိုးဖြင့် ပစ်သတ်ခံရသူ လူဦးရေ ၃၀ ဝန်းကျင်အထိ ရှိလာကြောင်းကို KNG သတင်းဌာန၏ စုစည်းထားချက်အရ သိရသည်။

Show More

Related Articles

Back to top button