သတင်း

စစ်တပ်အုပ်ချုပ်နေသည့် အင်းတော်-ဗန်းမောက် ကားလမ်းဘေးရှိ ကျေးရွာများတွင် စပါးပျိုးကြဲရန် အခက်ခဲဖြစ်နေ

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားနေသောကြောင့် အင်းတော်ဗန်းမောက် ကားလမ်းပိုင်းတလျှောက်ရှိ တောင်သူများ စပါးပျိုးကြဲရန် အခက်ခဲနေသည်ဟု သိရသည်။

ယခုနှစ် မတ်လမှစပြီး အင်းတော်မြို့နယ် နန့်သာရွာတွင် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် အရပ်သားများကိုတွေ့ပါက ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသောကြောင့် အင်းတော်ဗန်းမောက် ကားလမ်းပိုင်းရှိ ဒေသခံပြည်သူများသည် ပျိုးကြဲခွင့်မရပဲ အခက်ခဲဖြစ်နေသည်ဟု အောင်းကုန်းကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ဘယ်လိုအခက်အခဲ ကြုံသလဲဆိုတော့သူတို့က အရိပ်အယောင်မြင်တာနဲ့ပစ်တာ။ ကျွန်တော်တို့ တောင်သူတွေကတော့ မိုးကျပြီဆိုတော့ လယ်တွေဘာတွေလည်းလုပ်ချင်ကြပြီလေး အဲ့လိုဆို တော့သူတို့ကလူအရိပ်အယောင်မြင်ရင်ပစ်တယ်။ သူတို့ရဲ့ရန်သူသတ်မှတ်ပြီးတော့ပစ်တယ် အခက်အခဲဖြစ်တယ် အခုကပျိုးကျဲချိန်ရောက်ပြီ ခုထိလူတွေကအကြောက်တရားနဲ့ ရင်ဆိုင်နေရပြီး လယ်ထဲမဆင်းရဲ ကြသေးဘူးဟု ပြောသည်။

ပျိုးကြဲရန် ခက်ခဲနေသော ကျေးရွာများမှာ အောင်းကုန်း၊ နန့်သာ၊ အင်ဘင်၊ ရွာသာရွာ၊ မော်တိတ်၊ ကျွန်းတော၊ မြသီတာ၊ တုံ့တော်စသည်တို့ ဖြစ်သည်။

ပုံမှန်အားဖြင့် မော်တိတ်ဒေသတွင် လက်ရှိရာသီ၌ ပျိုးကျဲ၊ ထယ်ထိုးစသည့်လုပ်ငန်းများ တစ်ဝက်ခန့်ပြီးစီးနေပြီဖြစ်သော်လည်း ယခုနှစ်သည် စစ်ကြောင်းဝင်ရောက်နေမှုကြောင့် လုပ်ငန်းမစတင်နိုင်သေးကြောင်း တုံ့တော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ခါတိုင်းပုံမှန်နှစ်လိုဆိုရင် ဒီချိန် ပျိုးတွေထောင်ပြီဗျ လယ်ယာမြေတွေထယ်ထိုးကြပြီပေါ့။ ထွန်စက်ကြီးတွေနဲ့ တနိုင်တပိုင်ကျွဲ၊နွားတွေနဲ့ တောင်သူတွေက နိုးနိုးကြွကြွလုပ်နေကြပြီ။ လယ်စိုက်တာကတော့ဝါခေါင်လဆိုတာနောက်ဆုံးပဲ။ နှစ်တိုင်းလိုဆိုအခုက မရန်းစပါးတွေအစောပေါတဲ့စပါးတွေစိုက်ကြပြီအခုတော့ဘယ်သူမှမစိုက်နိုင်သေးဘူးဟု ပြောသည်။

မော်တိတ်ဒေသ၌ ဝင်နေသည့်စစ်ကြောင်းသည် အရပ်သားများကိုတွေ့ပါက ပစ်သတ်ခြင်း၊ ဖမ်းဆီးခြင်း၊ လူသားဒိုင်ပြုလုပ်ခြင်းကျူးလွန်နေသောကြောင့် ဒေသခံများသည် စစ်ကြောင်းနှင့်တိုးမည်ကို စိုးရိမ်နေရခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ် အထိုင်ချထားသည့် နန့်သာကျေးရွာတွင်လည်း အရပ်သား ၂၀၀ ခန့်လက်ရှိချိန်ထိ ပိတ်မိနေဆဲ ဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button