ဆောင်းပါးသတင်းသတင်းဆောင်းပါး

လွှတ်တော်ရုံး အနောက်က လောင်းကစားရုံ

သုံးတန်း နှစ်တန်း ဘေးစိပ် ခွဖဲ ကြိုး ပျောက်” အစရှိတဲ့ တစ်ယောက်တစ်ပေါက် အော်သံတွေ နဲ့အတူ ဆဲဆိုသံ တွေပါ တစ်ပါးတည်းလိုက်ပါလာပြီး ကျနော့နားထဲမှာ ဆူဆူညံညံကို ကြားနေရပါတယ်။

ဒီအသံဟာ လေအေးပေးစက် ငါးလုံးထက်မနည်း ဖွင့်ထားပေမဲ့ လူ ၆၀ နီးပါးရဲ့ အပူတွေကြောင့် မအေးနိုင်တဲ့ ပေ ၃၀ပေ ၁၀၀ နီးပါးလောက်အကျယ်ရှိတဲ့ အလုံပိတ်အဆောက်အအုံကြီးတစ်ခုထဲက လာတဲ့ အသံပါ။

အလုံပိတ်အဆောက်အအုံကြီးဟာ ပြီးခဲ့တဲ့လအနည်းငယ်ခန့်က ကျနော်ရောက်ခဲ့တဲ့ မြစ်ကြီးနားမြို့ ကချင်ပြည်နယ် လွှတ်တော်ရုံးအနောက်ဘက်က လောင်းကစား ဝိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

အဲ့ဒီ အလုံပိတ်ဟောခန်းကြီးထဲမှာ ကျနော်မြင်ခဲ့ရတာက ဒိုင်နဲ့ထိုးသား ၆ ဦး ကစားလို့ရတဲ့ ရှမ်းကိုးမီး၊ ဘူကြီး အစရှိတဲ့ ဖဲဝိုင်း ၈ခု လောက်အပါအဝင် အွန်လိုင်းပေါ်မှာ ခေတ်စားလာတဲ့ ငါးပစ်ဂိမ်းကို အပြင်မှာ ကစားလို့ ရတဲ့စက်(ကာစီနို)လို့လည်းတစ်ချို့က ခေါ်တဲ့ စက်ကြီး၂ခုလောက်တွေပါ အဲ့ဒီဟောကြီးထဲ အပြည့်နေရာ ယူထားလျှက်ရှိပါတယ်။

ဖဲဝိုင်းတွေမှာတော့ ဒိုင်အဖြစ်နဲ့ဖဲဝေပေးနေသူတွေက စကပ်တိုတို တီရှပ်အဖြူ ဒေါက်မြင့်ဖိနပ်ကိုယ်စီနဲ့ လောင်းကစားဝိုင်း လာသူအမျိုးသားတို့အဖို့ အကြိုက်တွေ့စေလောက်မဲ့ ကိုယ်လုံးကိုယ်ပေါက်မျိုး ပိုင်ဆိုင်ထားတဲ့ အသားခပ်ဖြူဖြူ အရပ်မနိမ့်မမြင့် အမျိုးသမီးတွေပါ။

အသက်အားဖြင့် ၁၈နှစ်နဲ့ ၂၆နှစ်အကြားရှိဟန်တူပြီး ဖဲအိမ်ပြည့်တဲ့ဖဲဝိုင်းတစ်ဝိုင်းကို အဲ့ဒီအမျိုးသမီးတွေက နှစ်ဦးစီ တစ်ချို့ဝိုင်းတွေမှာတော့တစ်ဦးစီ အလှည့်ကျ ဒိုင်အဖြစ်တာဝန်ယူဖဲဝေနေကြပါတယ်။

အဲ့ဒီအမျိုးသမီးတွေဟာ ဖဲဝိုင်းစားပွဲနီးပါးအမြင့်ရှိတဲ့ ထိုင်ခုံတွေအပေါ်ထိုင်လျှက် ထိုးသားတွေအတွက် ဖဲဝေနေပုံက ဖဲကစားနည်းကိုနှစ်ချီလချီလေ့ကျင့်ထားပုံရပါတယ်။   ဖဲလာကစားတဲ့ဒေသခံတစ်ဦးပြောတာက “သူတို့ကို ဖဲဝေဖို့အတွက် သီးသန့်လေ့ကျင့်ပေးထားတာ” လို့ဆိုပါတယ်။

လွှတ်တော်ရုံးအနောက်ဘက်က ဒီလောင်းကစားရုံးမှာ ကျည်ကာနဲ့အတူ ပစ်စတို သေနတ်ကိုယ်စီ ခါးကြားထိုးထားတဲ့ အရပ်မြင့်မြင့် ကိုယ်ခန္ဓာတောင့်တောင့် ဖြောင့်ဖြာင့် အမျိုးသား နှစ်ဦးကလည်း အဲ့ဒီဟောခန်းကြီးထဲ ဟိုဘက်လျှောက် ဒီဘက်လျှောက်နဲ့ စောင့်ကြည့်နေပါသေးတယ်။

လောင်းကစားဝိုင်းလာသူများထဲ အသက် ၂၀ ကျော်အရွယ်ကနေ ၅၀ ကျော်လောက်ရှိတဲ့ အမျိူးသား အမျိူးသမီးအများစုကို တွေ့ရပြီး အများစုက ကားသမား၊ ကျောက်အရောင်းအဝယ်သမားများ၊ ခြံမြေကွက် သူဌေးများ နှင့် အနီးပတ်ဝန်းကျင်က လောင်းကစား ဝါသနာပါသူဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

လောင်းကစားလို့ နိုင်နေသူက ပြုံးရွှင်ကာအသံကျယ်ကျယ် အော်ပြောနေသူ တစ်ချို့ကိုတွေ့ရပေမဲ့ အများစုကတော့ ပါလာတဲ့ပိုက်ဆံကုန်လို့ မျက်နှာမရွှင်လန်းကြပါဘူး။

အမျိုးသမီးတစ်ဦးဆို ပါလာတဲ့ပိုက်ဆံကုန်သွားလို့ သူ့မိတ်ဆွေဖဲကစားနေသူ ဘေးနားထိုင်လျှက် ငိုပြီး ဘောနပ်စ်ပေးဖို့ တောင်းနေခဲ့ပြီး ဘောနပ်စ်ရတဲ့ ပိုက်ဆံပါထပ်ရှုံးသွားတော့ သူပါလာတဲ့ဆိုင်ကယ်ကို ပေါင်ဖို့ စျေးဘယ်လောက်ရနိုင်မလဲ ဆိုပြီး အပေါင်ခံသူကို မေးနေတာကို ကျနော်ကြားခဲ့ရပါတယ်။

အဲ့ဒီလောင်းကစားဝိုင်းမှာ ဆိုင်ကယ်၊ ကား၊ ရွှေနဲ့ တန်ဖိုးကြီးပစ္စည်းကို တိုက်ရိုက်အပေါင်ထားလို့ရတဲ့ နေရာတစ်ခုလည်းရှိတယ်လို့ လောင်းကစားလာသူ တစ်ဦးက ပြောပါတယ်။

အခုလို လောင်းကစားဝိုင်းတွေဟာ ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်က မြေရှားလုပ်ကွက်တွေ၊ ဖားကန့် ကျောက်စိမ်းလုပ်ကွက်များက လုပ်သားနဲ့ ဒေသခံတွေအကြား ရေပန်းစားပါတယ်။

ကျနော်ရောက်ခဲ့တဲ့ ဒီကျေးလက်ကမ္ဘာ လောင်းကစားဝိုင်းရဲ့ထူးခြားချက်ဟာ မြစ်ကြီးနားမြို့ ကချင်ပြည်နယ် လွှတ်တော်ရုံး အနောက်ဘက်က ဆိုင်ကယ်နဲ့ဆို ၅ မိနစ်ခန့်မောင်းရတဲ့ တပ်ကုန်းရပ်ကွက် ကြာရာပါတီး (A) အပိုင်းထဲမှာ ရှိနေတာပါ။

ရပ်ကွက်၊ ရွာတွေနဲ့ မနီးမဝေးမှာရှိတဲ့ အဲ့ဒီလောင်းကစားဝိုင်း အနီးပတ်ဝန်းကျင်မှာတော့ ဒေသခံတွေ စိုက်ပျိုး ထားတဲ့ နာနတ်၊ ရာဘာခြံတွေနဲ့ ချုံတွေထူပြီး အကွက်ရိုက်ထားတဲ့မြေနေရာလွတ်တွေကို တွေ့ရပါတယ်။

စိုက်ပျိုးခြံမြေ၊ အကွက်ရိုက်ထားတဲ့မြေကွက်တွေနဲ့ ချုံနွယ်ထူထပ်နေတဲ့ခြံတွေကြားထဲမှာ ၁ ဧက ကျော်လောက်ကျယ်ဝန်းတဲ့ ခြံကြီးကို ၁၀ပေမကမြင့်တဲ့ အုတ်တံတိုင်းကြီးတွေက ဘာတစ်ခုမှမမြင်ရအောင် ကာရံထားပါတယ်။

ဒီ အုတ်တံတိုင်းကြီးရဲ့ အတွင်းဘက်ခြမ်းမှာတော့ ခမ်းခမ်းနားနားတည်ဆောက်ထားတဲ့ အဆောက်အအုံတွေကိုတွေ့ရတော့ ပါးစပ်အဟောင်းသားနဲ့ လိုက်ကြည့်နေခဲ့မိပါတယ်။

အဲ့ဒီ ၁ ဧကကျော်ကျယ်တဲ့ခြံဝန်းကြီးထဲ ကျောက်ဝိုင်း၊ စားသောက်ဆိုင်နဲ့လောင်းကစားဝိုင်းကြီးတို့ကနေရာ ယူထားပြီး ကျေးလက်ကမ္ဘာလို့ ဆိုင်းဘုတ်ကြီးနဲ့ ရေးထားပါတယ်။ ဒါ့ကြောင့် အဲဒီ လောင်းကစားဝိုင်းကို ကျေးလက်ကမ္ဘာ လို့ပဲ ဒေသခံတွေသုံးနှုန်းကြပါတယ်။

လောင်းကစားဝိုင်းကို စဝင်တဲ့ ဝင်ပေါက်မှာတော့ M416 သေနတ်ကြီးကိုလွယ်ကာ ကျည်ကာဝတ်စုံ ဝတ်ထား တဲ့ အသက် ၂၅ နှစ်ခန့်အရွယ် အရပ် ၅ပေ၁၀လက်မလောက်ရှိသည့် တောင့်တောင့်ဖြောင့်ဖြောင့် လုံခြုံရေးပိုင်း တာဝန်ယူထားတဲ့အမျိူးသားက အကို တူးဘောက်လေးကြည့်ရအောင်နော” ဆိုပြီး ပြုံးပြကာ ဆိုင်ကယ်ထူးဘောက်ကို ဖွင့်စစ်ပါတယ်။

လောင်းကစားဝိုင်းကြီးမှာ လာကစားသူတွေကို ကျေးလက်ကမ္ဘာက တစ်ရက်ကို ထမင်းသုံးနပ်ကျွေးပြီး တန်ဖိုးကျပ်ငွေ ၁ သောင်းရှိတဲ့ ဒိုးပြားတစ်ခုဆီ လောင်းကစားသူအရောက်စီတိုင်းကို တစ်နေ့သုံးကြိမ် ဘောနပ်စ်အဖြစ် နေ့တိုင်းပေးပါသေးတယ်။

အဲ့ဒီဘောနပ်စ်လာဝေချိန်မှာ “ကျနော့ကိုပေး သူ့ကိုပေးလိုက် ကျနော် ကစားတာကြာနေပြီ” လို့အစရှိတဲ့ ဘောနပ်စ်တောင်းနေတဲ့ အသံတွေကို စူးစူးဝါးဝါး ကြားရတော့ ဘာဖြစ်မှန်း မသိတဲ့ ကျနော်ကတော့ သူတို့အော်သံတွေအကြား တိတ်ဆိတ်ကာ ထူးဆန်းနေခဲ့ပါတယ်။

အဲ့ဒီဘောနပ်စ်ကို တစ်နေ့တစ်နေ့ လာစောင့်ယူသူတွေကလည်း ထုနဲ့ဒေးရှိတယ်လို့ လောင်းကစားသူတစ်ဦး ကအခုလိုပြောပါတယ်။

ဘောနပ်စ်က တကယ်လောင်းကစားသူတွေအတွက်က ဘာမှတန်ဖိုးမရှိဘူး ညလုံးပေါက်အိပ်ပြီး လာစောင့် တဲ့ သူတွေတောင် သပ်သပ်ရှိတယ်။ ထမင်းလည်းကျွေးတော့ အေးဆေးပဲလေ ဆေးသမားတွေကတော့ ဘောနပ်စ်ရရင် သူတို့အတွက်တစ်ကြောင်းဖိုး မကဘူးလေ  အဲ့တော့အဲ့မှာပဲမှိန်းလိုက် အဲ့မှာပဲအိပ်လိုက်နဲ့ ကျက်စားနေကြတာပေါ့ဟုဆိုပါတယ်။ 

ဘောနပ်စ်လာစောင့်နေသူအများစုဟာ တစ်နေ့လုပ်တစ်နေ့စား အလုပ်သမား တွေနဲ့ ဆေးစွဲနေသူတွေ အများစုပဲဖြစ်တယ်လို့ လောင်းကစားသူတစ်ဦးက ပြောပြပါတယ်။

လူနေထူထပ်တဲ့ပတ်ဝန်းကျင်နဲ့ မလှမ်းမကမ်းမှာ လောင်းကစားဝိုင်းတွေများလာပြီဆိုတဲ့ ရပ်ကွက်၊ ကျေးရွာ ထဲက အသံတွေနဲ့ သတင်းမီဒီယာတွေက တင်တဲ့ သတင်းတွေကို ဖတ်ရမြင်ရကြားရတာ အာဏာမသိမ်းခင် ကတည်းကပါ။

သို့သော် ဒီသတင်းတွေဟာ အချိန်ခဏဆိုရင် လူတွေပါးစပ်နှုတ်ဖျား၊ သတင်းမီဒီယာတွေကနေ ပျောက်ကွယ် သွားလေ့ရှိပေမဲ့ လောင်းကစားဝိုင်းတွေကတော့ ပျောက်ကွယ်မသွားပါဘူး။

အဲ့ဒီ ကျေးလက်ကမ္ဘာ လောင်းကစားဝိုင်းကို ထွေအုပ်၊ ရဲအုပ်နဲ့ တာဝန်ရှိသူတွေ အာဏာမသိမ်းခင်ကတည်း က ဝင်ရောက် စစ်ဆေးခဲ့ဖူးရာ လောင်းကစားပစ္စည်းတွေနဲ့ လောင်းကစားသူတွေကို မတွေ့ခဲ့ရဘူးလို့ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။ သို့သော်ဒီလောင်းကစားဝိုင်းက  ဆက်ရှိနေတာကို ပတ်ဝန်းကျင်အနီးက ဒေသခံတွေရောသိသလို ကျနော်ကိုယ်တိုင်လည်း မျက်မြင်တွေ့ခဲ့တာပါ။

ဒါကို ငါတို့လည်းဘာမှလုပ်လို့မရဘူး လို့ စစ်ကောင်စီလက်အောက်က မူးယစ်တိုက်ဖျက်ရေး ရဲဝန်ထမ်း တစ်ဦးက ဒီလောင်းကစားဝိုင်းအကြောင်း ကျနော်မေးတော့ သူဖြေခဲ့တာပါ။

အထူးသဖြင့် လွှတ်တော်ရုံးအနောက်မှာရှိတဲ့ ဒီလောင်းကစားဝိုင်းရဲ့ ဝင်ပေါက်ဝမှာ လုံခြုံရေးသမားတွေက သေနတ်ကိုင်နိုင်တာဟာ စစ်တပ်နှင့် ပြည်သူ့စစ်တွေနဲ့ ပတ်သက်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလိုလောင်းကစားဝိုင်းတွေဟာ အရင်ကတည်းက စစ်ကောင်စီလက်အောက်ခံ ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့ရဲ့ ဝိုင်းမှော်မြို့နယ်မှာလည်း စည်စည်ကားကားရှိခဲ့သလို၊ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ NDA-K နယ်စပ်ဒေသတွေမှာလည်း ဒီလိုလောင်းကစားဝိုင်းတွေက နေရာယူထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရားဥပဒေစိုးမိုးမှု မရှိတာကြောင့် ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး တစ်ကျော့ပြန် ပေါများလာသလို၊ တစ်ဖက်မှာ အခုလိုလောင်းကစားဝိုင်းတွေရပ်ကွက်၊ ကျေးရွာတွေရဲ့ အနီးပတ်ဝန်းကျင်မှာပဲ ပေါ်ပေါ်ထင်ထင် နေရာယူလာတာကြောင့် နေ့ညမရွေး ခိုးဆိုးလုယက်မူတွေများလာတာဟာ အားကိုးစရာအစိုးရမရှိတဲ့ ဒေသခံတွေအတွက်တော့ အထူးအဆန်း မဟုတ်တော့ပါဘူး။

ဒီလောင်းကစားဝိုင်းတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတည်းက ကျေးလက် ဘုရားပွဲ၊ အထိမ်းအမှတ်ပွဲတွေမှာ ထည့်သွင်းကျင်းပခဲ့ကြပြီး အာဏာမသိမ်းခင် NLD အစိုးရလက်ထက်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်တွေမှာတော့ ပေါ်ပေါ်ထင်ထင်မရှိတော့ဘဲ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေသခံတွေကြား ပေါ်ပေါ်ထင်ထင် ပြန်ခေတ်စားလာတာဖြစ်ပါတယ်။

ခေတ်အဆက်ဆက် လောင်းကစားဝိုင်းကြောင့် အဆင်ပြေနေသူတွေကတော့ ကစားဝိုင်းပိုင်ရှင်တွေနဲ့ ခရိုနီတွေသာ ဖြစ်ပြီး၊ အများစုကတော့ အိုးပျက် အိမ်ပျက် ဘဝပျက်သွားကြတယ်ဆိုတာ ဧကန်အမှန် ဖြစ်ပါတယ်။

Show More

Related Articles

Back to top button