သတင်း

ကန့်ဘလူတွင် တစ်လအတွင်း ကျေးရွာ ၁၇ ရွာမီးရှို့ခံရသည့်အပြင် အရပ်သား ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် နှင့် ကျွန်းလှမြို့နယ်တွင် မေလတစ်လအတွင်း ကျေးရွာ ၁၇ ရွာမှ နေအိမ် ၆၅၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံအမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၂ ဦး အသတ်ခံလိုက်ရသည်ဟု သိရသည်။

မီးရှို့ခံရသည့် နေအိမ် ၆၅၃ လုံးအနက် မေလ ၂၀ ရက်နေ့ ကန့်ဘလူမြို့နယ် ဖုတ်ကုန်းကျေးရွာရှိ နေအိမ် ၃၈၀ ကျော်မီးရှို့ခံရမှုသည် အများဆုံးဖြစ်သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကြောင်းထိုးလို့ပြေးရတဲ့ရွာက ၂၀အနည်းဆုံးရှိတယ်။ အမြဲတမ်းရှောင်နေရတာကတော့ ၂၄ ရွာထက် မနည်းပါဘူး မီးရှို့ခံရတာက ရွာပေါင်း ၁၇ ရွာပါ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတစ်ဦးသေဆုံးတယ် နောက်အမျိုးသားနှစ်ဦးကတော့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။ စစ်ဘေးရှောင်ပြည်သူ ၅ သောင်းကျော်ရှိလာပြီဟုပြောသည်။

လက်နက်ကြီးထိမှန် သေဆုံးခဲ့သူအမျိုးသမီးမှာ ထိန်တောရွာမှအသက်၂၆ နှစ်အရွယ်ဖြစ်ပြီး၊ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသူ အမျိုးသားနှစ်ဦးမှာ ရွာသစ်ကုန်းရွာမှ ၂၇ နှစ်အရွယ် အမျိုးသားနှင့် သရက္ကံကျေးရွာမှ အသက် ၅၀ နှစ်အရွယ် စိတ်ကျန်းမာရေး မကောင်းသူတို့ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသောကျေးရွာ ၁၇ ရွာမှာ ဖိုလ်ကုန်း၊ ထောက်ရှာအိုင်၊ ခအုံးတော၊ မကျီးကုန်း၊ ဆူးတပ်၊ ဖုတ်ကုန်း၊ သိုးဘိုး နှင့် ချင်မြစ်ကျေးရွာ၊ သရက်ခေါင်း၊ ဖလံချိုင်၊ ညောင်ပေါင်းရင်း၊ ဉာဏ်အင်း၊ကုက္ကိုကုန်း၊ သံပုရာပင်စု၊ လွှတ်တိုက်၊ဆွဲလှဲ၊ မဒေါင်း စသည့်ကျေးရွာများ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။

ကန့်ဘလူခရိုင်တွင် စစ်ကောင်စီတပ် ခမရ၃၆၁၊ ခမရ၃၆၈၊ ကန့်ဘလူ ၆၀၀၆ အမြှောက်တပ်နှင့် ပျူစောထီးများက ကျေးရွာများကို နေ့စဉ်စစ်ကြောင်းထိုးနေသောကြောင့် စစ်ရှောင်ဦးရေပိုမိုများပြားလာသော်လည်း မြေပြင်တွင် ကူညီပေးနေသူများ မရှိသောကြောင့် အရေးပေါ်အကူညီများလိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက ယခုလိုပြောသည်။

စစ်ရှောင်ဦးရေက အင်မတန်မှ များလာတယ်။ မြေပြင်မှာက စစ်ရှောင်ကူညီနေသူက မရှိသလောက်ပဲ ဒါ့ကြောင့် စစ်ဘေးရှောင်တွေက အခြေခံစားသောက်ကုန်၊ မိုးကာ၊ အခြေခံဆေးဝါးပေါ့နော် သာမန်ဖျားတာ နာတာ ဝမ်းပျက်ဝမ်းလျှော အတွက်ပေါ့။ နောက်တစ်ခုက မြွေဆိပ်ဖြေဆေးပေါ့ အဲ့တာတွေကတော့ အရေးပေါ် လိုအပ်တာတွေပါဟုပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလတွင်လည်း ကန့်ဘလူခရိုင်အတွင်း ကျေးရွာပေါင်း ၁၁ ရွာမှ နေအိမ် ၃၈၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ ၂၀၂၃မေလ၃၁ရက်နေ့အထိ မြန်မာနိုင်ငံတွင် နေအိမ် ၇သောင်းကျော်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲ့ဒီထဲတွင် စစ်ကိုင်းတိုင်းက နေအိမ်၅သောင်းကျော်မီးရှို့ဖျက်ဆီးခံခဲ့ ရကာ မီးလောင်ဆုံးရှုံးမူအများဆုံးဒေသ ဖြစ်သည်ဟု Data For Myanmar က ဒီကနေ့ထုတ်ပြန်သည်။

Show More

Related Articles

Back to top button