မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ဖတ်မာချောင်းအနီး ရွှေတူးဖော်နေမှုများအား ဒေသခံများသွားရောက်ဖျက်ဆီး

ပူတာအိုမြို့နယ် ဖတ်မာချောင်းအနီး ရွှေတူးဖော်မှုများကိုရပ်တန့်ပေးရန်  ဒေသခံများတောင်းဆိုနေသည့်ကြား ဆက်လက်လုပ်ကိုင်နေသော ရွှေလုပ်ကွက်များကို သွားရောက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများမှ သိရသည်။

မြစ်ကြီးနားပူတာအို ကားလမ်းဘေး ဖတ်မာကျေးရွာ၊ ဖတ်မာချောင်းတွင် ရွှေတူးဖော်ခွင့်သဘောတူညီမှု သတ်မှတ်ကာလကျော်လွန်လာသော်လည်း လုပ်ငန်းရှင်များသည် ရွှေတူးဖော်မှုရပ်နားပေးခြင်းမရှိသည့်အတွက် ဒေသခံ ၇၀ ဝန်းကျင်ဖြင့် ဇွန်လ ၁၂ ရက်နေ့တွင် ရွှေလုပ်ကွက်များအား သွားရောက်ဖျက်ဆီးပေးလိုက်ကြောင်း ဖတ်မာဒေသခံတစ်ဦးက ပြောသည်။

သဘောတူလက်မှတ်တွေကလည်း ကျွန်တော်တို့လက်ခံထားတာမဟုတ်ဘူး၊ ရပ်ကွက်လူကြီးတွေ သူတို့ဘာသာလက်ခံ သဘောတူထားတော့ ကျွန်တော်တို့လည်း ဘာမှမပြောနိုင်တော့ ထားထားတာကို အခုသူတို့ သဘောတူညီထားကြတဲ့ အချိန်လည်းကုန်နေတာကြာပြီကို မရပ်ပေးကြဘူးလေ၊ ကျွန်တော်တို့လည်း ဆက်ပြီးသည်းမခံနိုင်တော့လို့ သွားလုပ်ချလိုက်တာဟုပြောသည်။

အဆိုပါ ရွှေတူးဖော်မှုအား ဒေသခံများကန့်ကွက်နေသည့်ကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လုပ်ငန်းရှင်အချို့နှင့် ရပ်ကျေးတာဝန်ခံများ သဘောတူညီမှုဖြင့် ရွှေတူးဖော်မှုကို ဧပြီလထိ ခွင့်ပြုခဲ့ကြောင်း သိရသည်။

သဘောတူညီမှုသတ်မှတ်ကာလ တစ်လကျော်လာပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဖတ်မာချောင်းတွင် ရွှေတူးဖော်နေသော နေရာများမှာ ဖတ်မာကျေးရွာအပါအဝင် လုံဂါယာန်၊ လုံဂါဂေါင်၊ ဖတ်မာဒါး၊ ဖတ်မာဒီ၊ ဖတ်မာဇွပ် တို့တွင်ဖြစ်ပြီး ထိုကျေးရွာများမှာ ဖတ်မာချောင်းကို သောက်သုံးရေနှင့် လယ်ယာစိုက်ပျိုးရေးအဖြစ် အားထားနေရခြင်း ဖြစ်သည်။

သို့သော် အဆိုပါချောင်းတွင် ယခုကဲ့သို့ ရွှေတူးဖော်နေမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာသည်သာမက ကျေးရွာအတွင်း ထိခိုက်နစ်နာမှုများ ရှိလာသည့်အတွက်လည်း ဒေသခံများကိုယ်တိုင် သွားရောက်ဖျက်ဆီးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပတ်ဝန်းကျင်တွေ တော်တော်ပျက်စီးလာပြီလေ၊ သောက်ရေကမရှိ၊ ပြီးရင်ဘာအကူအညီမှ မပေးဘူးလေ၊ အဲ့တော့ ရေချိုးစရာမရှိဘူး ရေတွေက နှောက်နေတယ်၊ ကလေးတွေက ရေသွားဆော့တာတွေရှိတယ် အဲ့မှာ ငုတ်တွေနဲ့ ပုလင်းကွဲတွေနဲ့ ရှတယ်၊ ပြီးရင်လယ်လုပ်တဲ့အချိန် စပါးရေထည့်ဖို့ကလည်း အဆင်မပြေတော့ဘူး ရေကခမ်းနေပြီလေဟုပြောသည်။

ထို့အပြင် ၂၀၁၂ ခုနှစ်မှ လုပ်ကိုင်ခဲ့ကြသည့် သစ်စက်လုပ်ငန်းသည်လည်း ဖတ်မာကျေးရွာအပြင်တွင်လုပ်ကိုင်ခဲ့ကြသော်လည်း ၂၀၁၄ ခုနှစ်တွင်ကျေးရွာအတွင်းသို့ တိုးချဲ့လုပ်ကိုင်လာသည့်အတွက် သစ်စက်မှထွက်လာသည့် လွှစာမုန့်သည်လည်း ချောင်းတွင်းထဲသို့ ဝင်ရောက်နေသည့်အတွက် ချောင်းရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါသစ်စက်လုပ်ငန်းလုပ်ကိုင်သူများကိုလည်း ကျေးရွာပြင်ပသို့သွားရောက်လုပ်ကိုင်ကြရန် ဒေသခံများက သတိပေးထားကြောင်း သိရသည်။

Show More

Related Articles

Back to top button