သတင်း

ဖားကန့်တွင် အုပ်ချုပ်ရေးမှူးများ နှင့် ယာယီတာဝန်ခံများ နုတ်ထွက်ရန် ပြင်ဆင်နေ

ဖားကန့် လုံးခင်းအုပ်စု အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးတဲ့နောက် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးယန္တရားအတွက် အရေးပါတဲ့ အုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေကြပြီလို့ ဒေသခံတွေ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ က လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ သတ်ဖြတ်ခံရတဲ့ပြီးတဲ့နောက် မကြာခင်မှာဘဲ မြို့မအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးဟာ အုပ်ချုပ်ရေးတာဝန်ကနေ နုတ်ထွက်ဖို့ ဖားကန့် စစ်ကောင်စီ အုပ်ချုပ်ရေး စီမံရုံးကို စာတင်လိုက်ပါတယ်။

ဒါ့အပြင် ကျန်ရပ်ရွာအသီးသီးက အုပ်ချုပ်ရေးအဖွဲ့တွေလည်း နုတ်ထွက်ဖို့ စီစဉ်နေကြတယ်လို့ ဖားကန့် ဒေသခံ အမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။

လက်ရှိမှာတော့ မြို့မအုပ်ချုပ်ရေးက နုတ်ထွက်ဖို့ စာတင်ထားတယ်။ ကျန်ရှိတဲ့ ကျေးရွာတာဝန်ခံတွေ၊ ယာယီတာဝန်ခံတွေကလည်း လုံခြုံရေးမရှိတော့တဲ့ အနေအထားမှာဖြစ်နေတဲ့အတွက် စာမတင်ပေမယ့် ထွက်ဖို့ ရပ်နားဖို့ စီစဉ်နေကြတယ်။ တွေ့ရသလောက်က ဖားကန့် မြို့နယ်တစ်ခုလုံးရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အားလုံး ဖြစ်နေကြတယ်လို့ဆိုပါတယ်။

ဖားကန့်မြို့နယ်မှာ အုပ်ချုပ်ရေးယန္တရားကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် အဓိကအရေးပါတဲ့ မြို့ပေါ် ရပ်ကွက် ၅ ခုကတော့ မြို့မ၊ အေးမြသာယာ၊ ငှက်ပျောတော၊ မရှီကထောင် ၊ မှော်ဝမ်း တွေဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အဲ့ဒီကျေးရွာထဲက အုပ်ချုပ်ရေးတာဝန်ခံတစ်ချို့ သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့တဲ့အတွက် အုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားနိုင်တဲ့အထိ ဖြစ်ပေါ်လာနိုင်တယ်လို့ သူက ဆက်ဆိုပါတယ်။

အခုလို အုပ်ချုပ်ရေးအဖွဲ့တွေ သတ်ဖြတ်ခံရတော့ ကောင်းတဲ့ အရာမှာ လုပ်နေတဲ့ ဘယ်သူမဆို လုံးခြုံရေးအတွက် ကြောက်ပြီးတော့ နုတ်ထွက်ကြဖို့အထိ ဖြစ်လာကြတယ်။ ဒီလိုသာ ဆက်ဖြစ်လာဖို့ဆိုရင် အုပ်ချုပ်ရေး ယန္တရားတွေ အကုန် ရပ်တန့်သွားနိုင်တယ်။ ပြည်သူတွေရဲ့ ရပ်ကျေးတာဝန်အကုန်လုံးကို အုပ်ချုပ်ရေးအဖွဲ့တွေက အကုန်လုပ်ပေး ရတာ ဖြစ်တယ်။ လက်ရှိ စစ်ကောင်စီ လက်အောက်မှာ ညှိနှိုင်းပြေလည်ဖို့က သူတို့ပဲ လုပ်ပေးနေရတာ ဖြစ်တယ်။ အုပ်ချုပ်တဲ့သူတွေ မရှိတော့ဘူးဆိုရင် အုပ်ချုပ်ရေးရုံးတွေသွားနိုင်တယ်။ အဲ့ဒီနောက်ပိုင်းဆို ပြည်သူတွေ ဒီထက်ပိုပြီး ခက်ခဲလာနိုင်တယ်လို့ ပြောပါတယ်။

လက်ရှိ ဖားကန့် မြို့နယ်တွင် အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်နေကြသော အုပ်ချုပ်ရေးအဖွဲ့တွေဟာ အရင်အစိုးရ လက်ထက်မှာ ကျေးရွာအလိုက် ပြည်သူတွေရဲ့ လိုအပ်ချက်အရ ခန့်အပ် တင်မြှောက်ထားတဲ့သူတွေသာ ဖြစ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်မှာ ဆက်လက် တာဝန်မထမ်းဆောင်တာတွေ မပြုလုပ်ကြဖို့ တစ်ဖက်မှာ အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူလူထုတွေက သတိပေးပြောဆိုမှုများရှိနေတဲ့ အတွက်ကြောင့် အုပ်ချုပ်ရေးမှူးများနဲ့ ရပ်ကျေးတာဝန်ခံများတစ်ချို့က တာဝန်ကနေ နုတ်ထွက်သွားပြီး တစ်ချို့မှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ဖားကန့် ဒေသမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ သတ်ဖြတ်ခံရမှုဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားများလည်ပတ်မှုရှိအောင် အထောက်အကူပြုနေတဲ့အတွက်ကြောင့်ဖြစ်နိုင်တယ်လို့ နောက်ထပ် ဖားကန့် ဒေသခံ သတင်းအရင်းအမြစ်က အခုလို ပြောပါတယ်။

စစ်ကောင်စီရဲ့ ထောက်တိုင်ဖြစ်နေတဲ့ သူတွေနဲ့ လုပ်ငန်းလည်ပတ်မှုဖြစ်အောင် လုပ်ပေးနေတဲ့သူတွေကို တော်လှန်ရေးအဖွဲ့ဝင်တွေက ရန်သူဆိုပြီးတော့ သတ်မှတ်ထားတယ်လို့ ထင်တယ်။ ပိုပြီးတော့ ဒီအုပ်ချုပ်ရေးဘက်ကို ပိုပြီးတော့ ပစ်မှတ်ထားတယ်လို့မြင်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းက အုပ်ချုပ်ရေးမှူးတွေက အရင်ကလို အလုပ်တွေကလည်း လွတ်လွတ်လပ်လပ် လုပ်ဆောင်တာာမျိုးတွေလည်းမရှိပါဘူး။ အခုလိုသတ်ဖြတ်ခံရတော့ နည်းနည်းနားလည်ရတော့ခက်တယ်ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေအပါအဝင် လုံးခင်းအုပ်စု ရဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေအပါအဝင် ဆိပ်မူ အုပ်ချုပ်ရေးမှူး ဦးတန်ဘောင်လဆိုင်း၊ မရှီကထောင် ရပ်ကွက် ဦးထွန်းမြင့်အောင်၊ ဆန်းကြွယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် တို့ သတ်ဖြတ်ခံလိုက်ရပါတယ်။

ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးပြင်းထန်နေပြီး လစဉ် အရပ်သား ၃ ဦး ကနေ ၅ ဦးအထိ သတ်ဖြတ်ခံရမှု ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

Show More

Related Articles

Back to top button