သတင်း

သာဇင်ရွာတွင် နေအိမ် ၇၀၀ခန့်မီးရှို့ခံရပြီး အမျိူးသမီးတစ်ဦး မီးလောင်သေဆုံးသည့်အပြင် ဒေသခံ ၃၀ ဝန်းကျင်ဖမ်းဆီးခံထားရ

စစ်ကိုင်းမြို့နယ် သာဇင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမီးရှို့ခဲ့သောကြောင့် အိမ်ခြေ ၇၀၀ ခန့် မီးလောင်ခဲ့ပြီး ဒေသခံအမျိုးသမီးကြီးတစ်ဦး မီးလောင်သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၄ ရက်နေ့ သာဇင်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးချိန်တွင် ထွက်မပြေးနိုင်သည့် အမျိုးသမီးမှာ မီးလောင်သေဆုံးခဲ့ရသည့်အပြင် ဒေသခံပြည်သူ ၃၀ ဦးလည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံတစ်ဦးကပြောသည်။

သာဇင်ရွာကနေအိမ် ၇၀၀ လောက်ပါသွားပါတယ်။ အသက် ၆၀ လောက်ရှိတဲ့ အမျိုးသမီးတစ်ဦးက မီးထဲပါ သွားပြီး သေဆုံးတယ်လို့သိရပါတယ်။ လက်ရှိလည်းအဲ့နားက ကျေးရွာတွေကို မီးရှို့နေဆဲပါဟုပြောသည်။

အဆိုပါ သေဆုံးခဲ့သူအမျိုးသမီးသည် သာဇင်ကျေးရွာမှ အသက် ၆၀ နှစ်အရွယ် ဒေါ်သန်းမြင့်ဆိုသူဖြစ်ပြီး ဖမ်းဆီးခံထားရသည့် ဒေသခံ ၃၀ ကျော်လည်း ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထံမှသိရသည်။

ထို့အပြင် သာဇင်ကျေးရွာအနီးတစ်ဝှိုက်တွင် ဇွန်လ ၁၃ ရက်နေ့မှ စတင်ကာ ကာကွယ်ရေးတပ်များနှင့် မီးရှို့နေသော စစ်ကောင်စီတပ်တို့အကြား သုံးရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးများရှိခဲ့သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်သက်ကြီးက ယခုလိုပြောသည်။

ရွာတွေမီးရှို့ခံထားရသလို အမျိုးသမီးတစ်ယောက်သေပြီး ရွာသားအချို့ဓားစာခံအဖြစ်ဖမ်းခံထားရပါတယ်။ ထိတွေ့ တိုက်ပွဲကြောင့် သူတို့ဘက်က အကျအဆုံးများခဲ့ပါတယ်။ တိတိကျကျကိုတော့ ကျနော်တို့ဘက်ကနေ သတင်းထုတ်ပြန်ပါ့မယ်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်သက်ကြီးက ပြောသည်။

ထို့အပြင် စစ်ကြောင်းသည် ဇွန်လ ၁၄ ရက်နေ့နှင့် ယနေ့နံနက်ပိုင်းတွင် သာဇင်ရွာအနီးရှိ အိုင်းဓမ္မရွာ၊ အင်းစနှင့် ပေါက်မ (တောင်) ရွာကိုလည်း ဆက်လက်မီးရှို့ဖျက်ဆီးနေပြီး စစ်ကြောင်းရှိနေသောကြောင့် ပျက်ဆီးဆုံးရှုံးမှုအခြေနေကို အသေးစိတ်မသိရသေးကြောင်း ဒေသခံများ ပြောသည်။

မြန်မာနိုင်ငံတစ်ဝှမ်း စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှ ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့အထိ နေအိမ်ပေါင်း ၇သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းသည် ၅ သောင်းကျော် အများဆုံး မီးရှိုခံခဲ့ရခြင်းဖြစ်သည်ဟု Data For Myanmar  ဇွန်လ၁၄ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းနှစ်နှစ်ကျော်အတွင်း အရပ်သား ၈၆၀၀ကျော် သေဆုံးခဲ့ရသည်ဟု ယမန်နေ့ဇွန်လ၁၄ရက်နေ့ကထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button