လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားနေအိမ် မီးရှို့ခံရမူ ၇ သောင်းကျော်ရှိလာ

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့မူများကြောင့် နေအိမ်ပေါင်း ၇ သောင်းကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု Data For Myanmar  ဇွန်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်အထိ နေအိမ်မီးရှို့ဖျက်ဆီးခံရမူ ၅ သောင်းကျော်ကနေ ယခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလကုန်အထိ ၅ လအတွင်း နေအိမ် ၂ သောင်းကျော်ထိ မီးရှို့ခံရသော ပမာဏမြင့်တက်လာခြင်း ဖြစ်သည်။

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ၇ သောင်းကျော်တွင် နေအိမ် ၅ သောင်းကျော်သည် စစ်ကိုင်းတိုင်းမှဖြစ်သည်။

သူတို့ကတော့ ကြွက်မနိုင် ကျည်မီးနဲ့ရှို့တာပါပဲ ပြည်သူတွေကိုပဲဒုက္ခပေးနေတာပေါ့ သူတို့ရဲ့နေရာတိုင်းက စခန်းတွေတိုက်ခိုက်ခံရတာ၊ စစ်ကြောင်းတွေမိုင်းဆွဲခံရတာ မျိုးပေါ့ ဥပမာ ညောင်ပင်ကြီးလိုဖြစ်ရပ်မှာဆိုရင် သူတို့ကဆုံးရှုံးမူတွေရှိတော့ လုပ်ရိုးလုပ်စဥ်အတိုင်းလုပ်တာပေါ့ ပြည်သူတွေကတော့ပိုခက်ခဲလာတာပေါ့ ဒါပေမဲ့ ဒီလိုလုပ်လေ ကျနော်တို့ကရှေ့တိုးလေပါပဲဟုနေအိမ်မီးရှိုခံရမှုနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းမှ ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့်  Zero ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်သက်ကြီးက KNG ကို ပြောဆိုခဲ့သည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် မီးရှို့ခံရမှုအများဆုံးမြို့နယ်သည် ဒီပဲယင်းမြို့နယ် မှ နေအိမ်ပေါင်း ၆ ထောင် ကျော်ရှိပြီး၊ ဒုတိယနေအိမ်အများဆုံး မီးရှို့ခံထားရသည့် မြို့နယ်သည် ခင်ဦးမြို့နယ်မှ ၄၅၀၀ ကျော်ရှိကာ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်သည် ၄၀၀၀ ကျော်ရှိပြီး တတိယအများဆုံး မီးရှို့ခံထားရကြောင်း သိရသည်။

ဒီလိုမီးရှို့တာက လက်နက်ကိုင်တော်လှန်ရေးလုပ်ကတည်းက ဒီလိုကြုံရမယ်ဆိုတာ သိခဲ့ပြီးတွက်ဆပြီးသားပါ။ ဒီလုပ်ရပ်တွေက ကျနော်တို့တော်လှန်ရေးကို တော့တစ်စုံတစ်ရာထိခိုက်မူရှိတယ်လို့တော့ မယူဆပါဘူး။ ဒါပေမဲ့ မီးရှို့တာတွေကြောင့် ရွာတွေကိုပြန်လည်ထူထောင်ရတာဆိုတော့ တော်လှန်ရေးမှာ ပိုပြီး အလုပ်တော့ရှုပ်စေပါတယ်ဟုသူကဆိုပါသည်။

တစ်ဖက်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မကွေးတိုင်းသည် နေအိမ် ၉ ထောင်ကျော်ဖြင့် ဒုတိယအများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရသလို ချင်းပြည်နယ်တွင် နေအိမ်ပေါင်း ၁၄၀၀ ကျော်နှင့် မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ် (ကယား)၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ်များတွင်လည်း နေအိမ်ပေါင်း ၂ထောင်ကျော် မီးရှို့ဖျက်ဆီးခံထားရသည်ဟု Data For Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိသည့်အနက် ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းမှလွဲပြီး ကျန်သည့် တိုင်းနှင့်ပြည်နယ် ၁၂ ခုလုံး စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့မူကိုခံရမှု ဆက်တိုက်ကြုံနေရဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button