လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

KIA တပ်သား နှင့် ဇနီး တို့အား သတ်ဖြတ်ခဲ့သူကို အရေးယူနိုင်ရန် KIO ဘက်က လုပ်ဆောင်နေ

မိုးညှင်းမြို့နယ် ဟိုပင်မြို့ အရှေ့ဘက်ခြမ်း KIA တပ်မဟာ ၈ နယ်မြေ၊ တပ်ရင်း ၄၁ ရှေ့တန်း ကင်းစခန်းတစ်နေရာတွင် KIA တပ်သားတစ်ဦးကိုသတ်ဖြတ်ပြီး ဇနီးဖြစ်သူကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို အရေးယူနိုင်ရန် KIO/KIA ဘက်က လုပ်ဆောင်နေသည်ဟု သိရသည်။

သတ်ဖြတ်ခံထားရသော လင်းမယား ၂ ဦး၏ ရုပ်လောင်းကို ဇွန်လ ၁၃ ရက်နေ့ သွားရောက်တွေ့ရှိခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ခဲ့သည့် အသက် ၄၀ ကျော်အရွယ်ရှိ ဦးကျော်ထွန်းဦးဆိုသူကို ဖမ်းဆီးထားသည်ဟု မိုးညှင်းဒေသ KIA နှင့် နီးစပ်သော အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

အဲ့ဒီပြစ်မှုကျူးလွန်ထားတဲ့ သူကိုဖမ်းဆီးပြီးတော့ စစ်ဆေးနေတယ်။ သူကိုယ်တိုင်လည်း အပြစ်ခံယူထားပြီဖြစ်တယ်။ သူက အောက်ပြည်အောက်ပိုင်းကနေ တက်လာပြီးတော့ ဒီနားတဝိုက်မှာပဲ ကားသမားလုပ်ရင်း ကျင်လည် လုပ်ကိုင်စား နေတဲ့ သူလည်းဖြစ်တယ်။ အနီးတဝိုက်မှာက ရွှေလုပ်တဲ့ သူတွေနည်းနည်းရှိကြတယ်။ သူတို့က ပစ္စည်းတွေလိုအပ်ရင် ကားဆွဲပြေးနေတဲ့သူပေါ့။ ပြောရရင် ဒီနယ်မြေထဲကို အဝင်အထွက် လုပ်နေပြီး အကြောင်းစုံသိတဲ့သူပေါ့။ ပြီးရင် အခုသတ်ဖြတ်ခံရတဲ့သူတွေနဲ့လည်း ခင်မင်မှုရှိနိုင်တယ်ဟုပြောသည်။

လင်မယား ၂ ဦး သတ်ဖြတ်ခံရမှုတွင် အမျိုးသားဖြစ်သူ၏ နောက်ကျောဘက်တွင် ပုဆိန်ဖြင့်အချက်ပေါင်းများစွာ ခုတ်သတ်ခံရပြီး သူ၏ အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့်ကာ ဝမ်းဗိုက်နှင့် ရင်သားနေရာတွင် ဓါးဖြင့်မသေမချင်း ထိုးသတ်ထားသည့် မြင်ကွင်းတွေ့ရသည်ဟု သူက ဆက်ဆိုသည်။

ထိုသတ်ဖြတ်မှုဖြစ်ပွားခဲ့သည့် ကင်းစခန်းနေရာသည် KIA တပ်ဖွဲ့ဝင်များ၏ အရေးပေါ်ဆေးကုသပေးသည့် တဲစခန်းဖြစ်သည်ဟု သိရသည်။

လင်းမယား ၂ ဦး သတ်ဖြတ်ခံရသော အချိန်နှင့် နေ့ရက်ကကို တိတိကျကျသိနိုင်ရန် ခက်ခဲပြီး သတ်ဖြတ်ခံရဖြစ်စဉ် အတန်ကြာမှ ရုပ်အလောင်းကို သွားရောက်တွေ့ရှိခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မိသားစုဝင်များမှ မည်ကဲ့သို့ ဆောင်ရွက်ပေးစေလိုကြောင်းနှင့် သဘောထားဆန္ဒများကို သိရှိနိုင်ရန် ဆက်သွယ်မြေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားပေးရန်အတွက် အဆင်သင့်မဖြစ်သေးကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။

ယခုလို ပဠိပက္ခဒေသအတွင်းဖြစ်ပျက်နေသော လူသတ်မှုများနှင့် အဓမ္မပြုကျင့်သတ်ဖြတ်မှုများကို တရားမျှတပြီး ထိရောက်သည့် အရေးယူဆောင်ရွက်မှု လုပ်ဆောင်နိုင်ရေးအတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ကချင်လူအမျိုးသမီး လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ အမျိုးသမီးခေါင်းဆောင်တစ်ဦးက KNG မှတဆင့် တိုက်တွန်းပြောဆိုထားသည်။

အမှုနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် လုံးဝမဖြစ်သင့်တဲ့ အရာတစ်ခုဖြစ်တယ်။ ဒါက KIA ထိန်းချုပ်နယ်မြေလည်း ဖြစ်တယ်။ အဲ့အတွက်ကြောင့် တာဝန်ရှိတဲ့သူတွေအနေနဲ့လည်း ဒါကိုအမြန်ဆုံးအရေးယူဆောင်ရွက်ပေးသင့်တယ်။ ဒါကြောင့် ဒီကိစ္စနဲပတ်သက်ပြီး မိသားစုဝင်တွေ၊ နီးစပ်တဲ့ ဒေသခံတွေက ပွင့်ပွင့်လင်းလင်းပြောဆိုရမယ်ဖြစ်တယ်။ သတ္တိရှိရှိ မပြောဘူးဆိုရင် တရားမျှတမှုမရှိပဲ ဒုစရိုက်ဘက်ကို ပိုပြီးတော့ တွန်းအားပေးနေတာဖြစ်တယ်ဟုပြောသည်။

သတ်ဖြတ်ခံရသည့် လင်းမယား ၂ ဦးသည် အသက် ၃၀ ကျော်အရွယ်ရှိသူ ဦးမဒိန် ခေါယော် (Mading Hkaw Yaw) နှင့် ဇနီးဖြစ်သူ မခေါ်ကော့ဖန် (Jan. Mahkaw Kaw Hpang) တို့ဖြစ်ကြပြီး အမျိုးသားဖြစ်သူသည် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၄၁ မှ တပ်သားတစ်ဦးဖြစ်သည်။

Show More

Related Articles

Back to top button