သတင်း

ဆားတောင်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူးအပါအဝင် ၃၀ ခန့်သေဆုံးဟု သိရ

စစ်ကိုင်းမြို့နယ် ဆားတောင်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ် နှင့် ကာကွယ်ရေးတပ်ပေါင်းစုတို့ကြား ၃ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၀ ဦးခန့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များ ဇွန်လ ၁၅ ရက်နေ့ သတင်းထုတ်ပြန်သည်။

စစ်အင်အား ၁၅၀ ကျော်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ ဝက်လက်မြို့နယ်မှ ဆားတောင်မြို့ သာဇင်ကျေးရွာကို စီးနင်းမီးရှို့ရာမှ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တိုက်ပွဲအတွင်းပါဝင်ခဲ့သော ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သာဇင်ရွာကိုစစ်ကြောင်းထိုးတာကနေ တိုက်ပွဲစဖြစ်တာ ပထမရက်မှာတော့ သူတို့ဘက်က မျက်မြင် ၁၀ယောက်ကျတယ် ဒုတိယတစ်ရက်သာဇင်ကအထွက်မှာတော့ အကျအဆုံးမသိရဘူး  နောက်ဆုံးရက် မနေ့ကတိုက်ပွဲမှာတော့ စကားပြောစက်နဲ့ အမိန့်ပေးနေတဲ့ စစ်ကြောင်းမှူးလို့ယူဆရတဲ့ သူကိုစနိုက်ပါနဲ့ ရှင်းလင်းနိုင်ခဲ့ပါတယ်။ သူတို့ဘက်ကအကျများတော့ ရွာတွေကိုမီးရှို့တော့တာပဲဟုတိုက်ပွဲအတွင်း ပါဝင်ခဲ့သူ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တိုက်ပွဲအတွင်း နဂါးနီတပ်ဖွဲ့၊ ဆားတောင်မိုးကြိုးတပ်ဖွဲ့နှင့် Zero ပြောက်ကျားတပ်ဖွဲ့မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ  ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အထိနာခဲ့သောကြောင့် သာဇင်ကျေးရွာ၊ အင်းဓမ္မရွာနှင့် ပေါက်မကျေးရွာတို့ကို စီးနင်းမီးရှို့ခဲ့ပြီး‌ နေအိမ် ၇၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရကာ အသက် ၆၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးလည်း မီးလောင်သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

လက်ရှိမှာတော့ ဆားတောင်မြို့အနီးတစ်ဝှိုက်ရှိ ကျေးရွာများမှ ဒေသခံတစ်သောင်းကျော် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်ကတော့ အထိနာလို့ ပေါက်မဘုန်းကြီးကျောင်းမှာ ခနနားပြီး ဆုတ်သွားပြီ ဒါပေမယ့် ပြောလို့မရသေးဘူး သူတို့စစ်အင်အားထပ်ဖြည့်ပြီး လာနိုင်တာမို့ စောင့်ကြည့်နေဆဲအခြေနေတော့ ရှိသေးတယ်။အဲဒါကြောင့် ဒေသခံတွေ တစ်သောင်းဝန်းကျင်ကလည်း ရှောင်နေရဆဲဖြစ်ပါတယ်ဟုပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံတစ်ဝှမ်း နေအိမ်ပေါင်း ၆သောင်းကျော်မီးရှို့ဖျက်ဆီး ခံထားရပြီး တိုက်ပွဲတွေကြောင့်အရပ်သား ၁ ဒသမ၅သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု ကုလသမဂ္ဂလူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ဇွန်လ၁၄ရက်နေ့က ထုတ်ပြန်ခဲ့ သည်။

Show More

Related Articles

Back to top button