တိုက်ပွဲသတင်း

စစ်မေဦးဆောင်သည့် စစ်ကြောင်းမိုင်းဆွဲခံရပြီး လေးဦးသေဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မဲဇာဒေသ သံဘိုကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်မေများဦးဆောင်သည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး လေးဦးသေဆုံးကြောင်း အင်းတော်ကာကွယ်ရေးတပ်မှ သိရသည်။

ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်း နန့်သဲကျေးရွာမှ သံဘိုကျေးရွာဘက်သို့ထွက်ခွာလာသည့် အင်အား ၇၀ ကျော်ပါ ခမလ ၄၁၆ တပ်ရင်းမှ  စစ်မေပါဝင်သည့် စစ်ကြောင်းအား နန့်သဲကျေးရွာအနီး အင်းတော် PDF  မှ စောင့်ကြိုတိုက်ခိုက်ခြင်းဖြစ်ကြောင်း အင်းတော်PDF မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက KNG ကိုပြောသည်။

သူတို့က မနေ့ကမနက် အစောကြီး နန့်သဲကနေ သံဘိုဘက်ကိုစစ်ကြောင်းဝင်လာတာ အဲ့တာဒီဘက်က အင်းတော် ကာကွယ်ရေးတပ်တွေက နန့်သဲရွာအထွက်မှာပဲ ဆွဲ မိုင်း ၂ လုံးနဲ့ဆွဲတာ လေးယောက်က မိုင်းကွင်းထဲမိတော့ အဲ့မှာပွဲချင်းပြီးပဲဟု ပြောသည်။

မိုင်းဆွဲခံရချိန်မှာ နံနက် ၇နာရီအချိန်တွင်ဖြစ်ပြီး မိုင်းဆွဲခံရသည့် ယင်းစစ်ကြောင်းသည် ယမန်နေ့က သံဘိုရွာတွင် ညအိပ်တပ်စွဲခဲ့ကာ ယနေ့နံနက်ပိုင်း နန့်မဟုတ်ကလေးကျေးရွာသို့ ဝင်ရောက်နေပြီး အဆိုပါ စစ်ရေးလှုပ်ရှားမှုကြောင့်  မဲဇာ၊ နန့်မဟုတ်ကလေး၊ သံဘို၊ နန့်သဲ ကျေးရွာ ၄ ရွာမှပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

စစ်ကြောင်းလာရင်တော့ပြေးရတာပေါ့ သူတို့က ရွာတွေထဲဝင်ရင်လည်းသေနတ်တွေပစ်ဖောက်ပြီးဝင်တာ ကျွန်တော်တို့ကြားနေရတယ် ညကလည်းပစ်တယ် မနက်ကလည်းပစ်တယ် လက်နက်ကြီးတွေကောဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

အဆိုပါ စစ်ကြောင်းသည် ကျေးရွာများအတွင်းသို့ဝင်ရောက်ကာ လူနေအိမ်များကို ဝင်ရောက်ရှာဖွေခြင်း၊ တန်ဖိုးကြီးပစ္စည်းများကိုယူဆောင်ခြင်းနှင့် လက်နက်ကြီး လက်နက်ငယ်များလည်း ရမ်းသမ်းပစ်ခတ်နေသည့်အတွက် တိမ်းရှောင်နေရသည့်ဒေသခံများထိန့်လန့်နေရကြောင်းသိရသည်။

လက်ရှိတွင် စစ်ကြောင်းဝင်ရောက်မှုကြောင့် ထွက်ပြေးနေရသည့်မဲဇာရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး သံဘို၊ နန့်သဲနှင့် နန့်မဟုတ်ကလေးကျေးရွာများသည် အိမ်ခြေ ၁၀၀ ကျော်စီရှိကြပြီး ပြည်သူ ထောင်ချီ က တောတောင်များထဲတွင်ထွက်ပြေးနေရကြောင်းသိရသည်။

ယင်းစစ် ကြောင်းသည် လွန်ခဲ့သည့် ၅ရက်ခန့်ကတည်းက အင်းတော်မြို့တွင်းတပ်မှ မဲဇာဘက်သို့စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကြောင်းဖြစ်ပြီး နန့်သဲသို့မဝင်မှီကလည်း နတ်မဟုတ်ကြီး၊လယ်နောင်ကျေးရွာများထဲသို့ဝင်ရောက်ခဲ့ရာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

Show More

Related Articles

Back to top button