သတင်း

ကန့်ဘလူတွင် နှစ်ပတ်အတွင်းမြွေကိုက်ခံရသူ ၉ ဦးအထိ ထပ်တိုးလာ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ နှစ်ပတ်အတွင်း ၉ ဦးအထိ ရှိလာသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှသိရသည်။

ဧပြီလအတွင်း မြွေကိုက်ခံရသူ ၄ ဦး၊ မေလတွင် မြွေကိုက်ခံရသူ ၈ ဦးအထိရှိခဲ့ရာ ယခုဇွန်လ လဝက်အတွင်း မြွေကိုက်ခံရသူ ၉ ဦး အထိထပ်တိုးလာကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဒီအခု ဇွန်လထဲမှာတော့ ၉ယောက်ရှိပြီ ဒါတောင်လမကုန်သေးဘူးပေါ့လေ လဝက်အကျော်လောက်မှာပဲ ကိုးယောက်အထိရှိလာတာပါ အာဏာသိမ်းပြီးတည်းက ကျနော်တို့လက်လှမ်းမှီသလောက်ပြုစုထားတဲ့ထဲကဆိုရင် ဒီလက အများဆုံးပါဟုပြောသည်။

မြွေကိုက်ခံခဲ့ရသူများမှာ အမျိုးသမီး ၅ ဦး၊ အမျိုးသား၄ ဦး တို့ဖြစ်ပြီး ချပ်သင်းတိုက်နယ်နှင့် ကိုးတောင်ဘို့ တိုက်နယ်ရှိသော ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများဖြစ်ကြသည်ဟု သူကဆက်ပြောသည်။ 

အဆိပ်ပြင်းသည့် မြွေပွေး၊ မြွေဟောက်ပေါများရာ ဒေသတစ်ခုဖြစ်သည့် ကန့်ဘလူခရိုင်အတွင်း ရာသီဥတု ပိုမိုပူပြင်းလာသည့်အပြင် စစ်ဘေးရှောင်ပြည်သူပိုများလာသောကြောင့် အခုလိုမြွေဆိုးကိုက်ခံရသူပိုများပြား လာခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်။

အခုအခြေနေမှာက မိုးဦးကာလကိုလည်းရောက်လာတယ် စစ်ရှောင်တွေကလည်း ကျေးရွာတွေမှာသိပ် မနေဘူးလေ နီးစပ်ရာတောတွေတောင်တွေမှာ တဲတန်းထိုးတယ် ပြီးတော့ ကိုယ့်ရဲ့ခြံကွက်တွေမှာ တောင်သူ လယ်ယာလုပ်ငန်းလေးလုပ်ကြတော့ ပိုးထိလူနာကပိုများလာတယ်ဟုပြောသည်။

ထို့အပြင် ကန့်ဘလူတွင် မြွေဆိပ်ဖြေဆေး BPI တစ်လုံးကို တစ်သိန်းခွဲအထိရှိပြီး မြွေကိုက်ခံခဲ့ရသူတစ်ဦးကို မြွေဆိပ်ဖြေဆေး ၈လုံး အနည်းဆုံး ထိုးပေးနေရသဖြင့်  မြွေဆိပ်ဖြေဆေးအကူညီများလည်း လိုအပ် လျှက်ရှိသည်ဟု မြွေကိုက်ခံရသူများကို ကုသပေးနေသူတစ်ဦးက KNG ကိုပြောသည်။

ဆေးဝါးကလုံလုံလောက်လောက်မရှိဘူး ကျနော်တို့ဆီမှာ ရွာတိုင်းရွာတိုင်း၅လုံး တစ်ချို့က၁၀လုံး‌ ဆောင် ထားတာရှိတယ်ဗျ ဒီရွာကိုက်ခံရပြီဆို ကျန်တဲ့ရွာတွေကနေချေးပြီးတော့ ပြန်ပြီးတော့ဝယ်ပေးရတဲ့ အနေအထားတွေရှိတာပေါ့အဲ့လိုခက်ခဲတာတော့ရှိပါတယ်ဟုမြွေကိုက်ခံရသူများကိုကုသပေးနေသူတစ်ဦးကပြောသည်။

မြွေကိုက်ခံရမူကို ကြိုတင်ကာကွယ်ရန် စွပ်ဖိနပ်စီးသင့်ပြီး မြွေကိုက်ခံရပါက ပထမဦးဆုံး မြွေကိုက်ခံရသည့် ဒဏ်ရာနှင့်အနီးတစ်ဝိုက် သန့်ရှင်းသော အဝတ်စဖြင့် ခပ်ဖွဖွလေးသုပ်ကာ မတင်းမကြပ် ချည်ထားပြီး ကိုက်ခံရသည့်ခြေလက်များကို လှုပ်ရှားမှုမလုပ်စေဘဲ ကုသပေးနိုင်သည့် ကျေးလက်ဆေးခန်းများနှင့် ကုသပေးနိုင်သူများဆီသို့အမြန်ဆုံးသွားရောက်ကုသမူခံယူရမည်ဟု၎င်းကဆက်ပြောပါသည်။

ယခုလို ကန့်ဘလူမြို့နယ်တွင် မြွေကိုက်ခံရသူ ၇၈ ဦးအထိရှိခဲ့ပြီး ကလေးငယ် ၂ ဦးအပါအဝင် သေဆုံးသူ ၆ ဦးအထိရှိခဲ့သည်ဟု စစ်ရှောင်ပြည်သူများထံမှသိရသည်။

ကန့်ဘလူမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ လူနေအိမ်ကျေးရွာများ မကြာခဏ မီးရှို့ဖျက်ဆီးပေးမှုကြောင့် ကျေးရွာ ၁၇ ရွာ မီးရှို့ဖျက်ဆီးခံလိုက်ရပြီး လက်ရှိတွင် မီးဘေးနှင့် စစ်ဘေးရှောင်ပြည်သူများ ၃ သောင်းကျော်ခန့်ရှိသည်ဟု သိရသည်။

Show More

Related Articles

Back to top button