တိုက်ပွဲသတင်း

မိုးတားတိုက်နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF တို့ကြား စစ်ရေးတင်းမာမှုရှိနေ

ကသာခရိုင် မိုးတားတိုက်နယ်တွင် ကသာမြို့ဘက်မှ တက်လာသည့် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်တပ် စစ်ရေးတင်းမာမှုရှိနေပြီး တိုက်ပွဲဖြစ်ပွားလာနိုင်ခြေရှိသည်ဟု သိရသည်။

ဇွန်လ ၁၇ ရက်နေ့ စစ်အင်အား ၆၀ ဝန်းကျင်ရှိသော ခမရ ၄၁၅ တပ်ဖွဲ့သည် ကသာမြို့မှ မိုးတားဘက်သို့ တက်လာခဲ့ရာ မိုးတားနယ်ရှိသော အောင်မင်္ဂလာသုခကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့တို့က ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနားခဲ့သည့်အတွက် စစ်အင်အားပြန်လည်ဖြည့်တင်းထားသည်ဟု ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

တိုက်ပွဲကတော့ထပ်မဖြစ်ဘူး ဟိုတစ်နေ့ကပဲ ဖြစ်တာဖြစ်ပြီးတော့မှ စစ်ကောင်စီဘက်ကပြန် ဆုတ်သွားတာ မနေ့ညနေပိုင်းက ပြန်တက်လာတယ် သူတို့ ဒီမိုးတားနယ်ထဲ ဆက်ထိုးလာရင် တော့တိုက်ပွဲဖြစ်ဖို့အသင့်ဘဲဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ခိုက်ခံရပြီးနောက် တပ်ပြည်လည်ဆုတ်ခွာသွားကာ အောင်မင်္ဂလာသုခရွာတွင် ညအိပ်တပ်စွဲနေချိန် ကာကွယ်ရေးတပ်ဖွဲ့တို့ဘက်မှ ဒရုန်းဖြင့် ထပ်မံသွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မင်္ဂလာသခုအနီး တိုက်ခိုက်ခံရမှုကြောင့် နှစ်ဖက်တပ် အပြန်အလှန်တိုက်ခိုက်မှု ၁ နာရီအထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု သိရသော်လည်း အသေးစိတ်မသိရဘဲ ဒဏ်ရာရရှိသူများကို ကား ၂ စီးဖြင့် ကသာဘက်သို့ လာရောက်သယ်ဆောင်သွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ထို့နောက် ဇွန်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီဘက်မှ အင်အားထပ်မံဖြည့်တင်းလာသည့် ယင်းစစ်ကြောင်းသည် ကသာနှင့်မိုးတားတိုက်နယ်အစပ် နန့်လန်ကျေးရွာအနီး တောတွင်းနေရာတွင် ဝင်ရောက်နေပြီး မိုးတားနယ်ထဲတွင် ထပ်မံတိုက်ပွဲဖြစ်ပွားနိုင်သည်ဟု သိရသည်။

လက်ရှိတွင် စစ်ကိုင်းကချင်အစပ် ကသာနယ်တဝိုက်တွင် စစ်ကောင်စီဘက်မှ စစ်ရေးလှုပ်ရှားမှုများ ပုံမှန်လုပ်ဆောင်နေသည့်အတွက်ကြောင့် မင်းလယ်၊ ဝဲကြီး၊ အောင်မင်္ဂလာသုခ နှင့် နန့်လန် အနီးတဝိုက်ရှိသော ကျေးရွာနေပြည်သူများက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်ဟု နန့်လန် ဒေသခံတစ်ဦးက ယခုလိုပြောသည်။

ခုလောလောဆယ်တော့ ရွာတွေထွက်ပြေးတိမ်းရှောင်ရတာ မရှိသေးပါဘူး။ စစ်ရေးအခြေနေက ဒီထက်ပိုဆိုးလာရင်တော့ ရှောင်ရမယ့်သဘောမှာရှိတယ်ဟုပြောသည်။

ကသာမြို့နယ် မိုးတားတိုက်နယ်သည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိသည့် ကျေးရွာများဖြစ်ကြပြီး စစ်တပ်အာဏာသိမ်းပြီးနောက် မကြာခဏ ဆိုရသလို နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပုံမှန်ဖြစ်ပွားနေသည့် ဒေသတစ်ခုလည်းဖြစ်သည်။

Show More

Related Articles

Back to top button