သတင်း

အင်းတော်နှင့် ဗန်းမောက်လမ်းဆက်သွယ်ထားသည့် တုံစီတံတား မိုင်းခွဲခံရမှုကြောင့် သွားလာရေးခက်ခဲနေ

စစ်ကိုင်းတိုင်းဒေသ အင်းတော်နှင့် ဗန်းမောက်မြို့နယ် ၂ခုကို အဓိကဆက်သွယ်ပေးထားသည့် တုံစီတံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရမှုကြောင့် ကုန်ကားကြီးများနှင့် ခရီးသည် ကားများသွားလာရ ခက်ခဲနေကြောင်းဒေသခံများထံမှသိရသည်။

အင်းတော်ဗန်းမောက်ကားလမ်းပိုင်းရှိသော ရွာသာရွာနှင့် ကျွန်းတော်ကျေးရွာကြားရှိ တုံစီတံတားကို ဇွန်လ ၁၈ ရက်နေ့ အမည်မသိအဖွဲ့တစ်ခုက လာရောက်မိုင်းထောင်ဖောက်ခွဲလိုက်ခြင်းကြောင့် တံတားကျိုးပျက်စီးသွားပြီး ကုန်တင်ကားများနှင့် ခရီးသည်ကားများက သွားလာရေးအခက်အခဲဖြစ်နေကြောင်း တုံ့တော်ကျေးရွာဒေသခံတစ်ဦးက KNG ကိုပြောသည်။

ဘယ်လောက်ထိပျက်စီးသွားသလဲဆိုရင်တော့ ဟိုဘက်ဒီဘက်တိုင်ကျိုးပြီးမှ အလယ်ကထောက်တိုင်မှာ ထောက်ပြီးကျန်နေတယ်တဲ့ ခါးတော့ကုန်းသွားတာပေါ့ သွားတာလာတာကတော့ဆိုင်ကယ်ပဲရတယ်လို့ကြားတယ်ဟုပြောသည်။

မိုင်းဖောက်ခံရမှုတွင် တံတား၏ အလယ်တိုင်တည့်တည့် နေရာမှဖောက်ခွဲဖျက်ဆီးခံလိုက်ရပြီး တံတားခံနိုင်ဝန်မရှိတော့သည့်အတွက် ဆိုင်ကယ်သမားများသာ သွားလာခွင့်ရရှိနေကြောင်းသိရသည်။

ခရီးသည်ကားလေးတွေတော့သွားကြတယ် ကုန်ကားကတော့ဖြတ်လို့မရတော့ဘူးလို့ဆိုတယ်ဟု နောက်ထပ် တုံံတော်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

လက်ရှိတွင် တံတားကျိုးပြတ်သွားသည့်အတွက် ကုန်တင်ကားများနှင့် ခရီးသည်များက ကုန်ပစ္စည်းများကို တစ်ဖက်သို့ လူအင်အားဖြင့် သွားရောက်ပို့ဆောင်ပြီးမှသာ ပြန်လည်သွားရသည်ဟု သိရသည်။

အဆိုပါ တံတားသည် မဲဇာတောင်ခြေမှ စီးဆင်းလာသော နမှီးချောင်းကူးတံတားဖြစ်ပြီး အရှည် ပေ ၃၀၀ ကျော်အထိရှိပြီး ကွန်ကရစ်တံတားအမျိုးအစားဖြစ်ကြောင်းသိရသည်။

ယခုလို တံတားဖောက်ခွဲခံရမှုကြောင့် ဒေသခံပြည်သူများသည် စားနပ်ရိက္ခာသယ်ယူရာတွင် ကုန်စျေးနှုန်းများမြင့်တက်လာပြီး သွားလာရေးအခက်အခဲဖြစ်လာမည်ကို စိုးရိမ်နေကြပါသည်။

တုံစီတံတားသည် ဗန်းမောက်၊ အင်းတော်၊ ဟုမ္မလင်း စသည့်ဒေသရှိပြည်သူများအတွက် စားသုံးကုန်များအဓိက သယ်ယူဆောင်ရေးအဖြစ် အသုံးပြုနေသည့် တံတားတစ်ခုလည်းဖြစ်သည်။

Show More

Related Articles

Back to top button