သတင်း

နောင်မွန်ဒေသတွင် တောင်ကမ်းပါးပြိုကျပြီး လမ်းပိတ်ဆို့မှုကြောင့် သွားလာရေးခက်ခဲနေ

ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် တစ်ပတ်အတွင်း အဆက်အပြတ် မိုးရွာသည်းထန်စွာသွန်းမှုကြောင့် အများပြည်သူသွားလာသည့် လမ်းနေရာများတွင် တောင်ကမ်းပါးများပြိုကျပြီး လမ်းတံတားများပျက်စီးနေသည့်အတွက် လမ်းပိတ်ဆို့မှုဖြစ်ကာ ခရီးသွားလာမှုပြတ်တောက်နေကြောင်းသိရသည်။

ဇွန်လ ၁၉ ရက်နေ့မှ နောင်မွန်မြို့ဘက်ကို တက်သည့် ကွမ်လင်းနှင့် ဆန်ဒမ် ကျေးရွာ ၂ခုကြားရှိ ကားလမ်းမကြီးပေါ် တွင် ကမ်းပါးပြိုကျပြီး လမ်းပိတ်ဆို့မှုရှိခဲ့သည့်အပြင်  ရပ်ဘော့အုပ်စု ဘဘော့ကျေးရွာရှိ လမ်းတံတားတစ်ခုလည်း ရေတိုက်စားမှုကြောင့် ပျက်စီးနေသည့်သဖြင့် သွားလာရေးခက်ခဲဖြစ်နေကြောင်း နောင်မွန်ဒေသခံတစ်ဦးက KNG ကိုပြောသည်။

နောင်မွန်မရောက်မှီ ကွမ်လင်းဘက်မှာ တောင်တွေပြိုလို့ လမ်းတွေပျက်နေတယ်လို့ကြားတယ်။ ပြီးရင် တံတားတွေလည်း ပျက်နေတယ်လို့ပြောတယ်။ မနေ့ ကနေ နောင်မွန်ဘက်ကို လိုင်းကားတွေမဝင်တော့ဘူး။ ခါတိုင်းက တစ်ရက်ကို လေး ငါးစီးလောက်ဝင်တယ်။ ဆက်သွယ်ရေးအခက်အခဲလေးရှိတော့ ဘယ်လိုလုပ်နေကြတာကိုတော့ သေချာအသိရဘူးဟုပြောသည်။

တောင်ကမ်းပါးပြိုကျမှုကြောင့် လမ်းပျက်စီးနေသည့် ကွမ်လင်းကျေးရွာသည် နောင်မွန်ကျေးရွာမရောက်မှီ ၅ မိုင်ခန့်အကွာတွင်ဖြစ်ပြီး ထိုနေရာတွင် ပူတာအိုဘက်မှ တက်လာသည့် ကုန်တင်ကားများ ပိတ်ဆို့မှုရှိနေကြောင်းနှင့် ဆိုကယ်သမားများသာ သွားလာခွင့်ရရှိနေသည်ဟုသိရသည်။

လက်ရှိတွင် ကမ်းပါးပြိုကျမှုဖြစ်ပေါ်နေသည့် နေရာတွင် နောင်မွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဒေသခံပြည်သူများ ၅၀ ဝန်းကျင်ခန့်သွားရောက် ရှင်းလင်းရေးလုပ်နေကြောင်းသိရပြီး ကုန်တင်ကားများနှင့် ခရီးသည်များ ပုံမှန်ပြန်လည်သွားခွင့်ရရှိရန်အတွက် ၂ ရက်ခန့်အကြာ ရှင်းလင်းဆောင်ရွက်ရမည်ဖြစ်သည်ဟု မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့မှ တာဝန်ရှိသူများထံမှ သိရကြောင်း ပူတာအိုဒေသအခြေစိုက် Putao Regional Info Page အမည်ရှိ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။

နောင်မွန်ဒေသတွင် နှစ်စဉ် မိုးတွင်းကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးပြိုကျပြီး လမ်းတံတားပျက်စီးမှုကြုံတွေ့နေရသလို လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသည့် ဒေသတစ်ခုဖြစ်သည့် အတွက်ကြောင့် ယခုလို လမ်းပျက်စီးဖြစ်ပေါ်နေသည့်ခြေအနေတွင် ကုန်စျေးနှုန်းများ အဆမတန်မြင့်လာမည်ကိုလည်းစိုးရိမ်နေကြောင်း ဒေသခံများပြောသည်။

Show More

Related Articles

Back to top button