သတင်း

ဖားကန့်တွင် ပျူစောထီးအဖွဲ့ဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်းခံမှုရှိနေ

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာတွင်ရှိသော နေခြည်ဆည်းဆာ လက္ဖက်ရည်ဆိုင်ပိုင်ရှင်အား ပျူစောထီးအဖွဲ့က ဟုပြောဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေဆယ်သိန်းတောင်းခံမှုရှိနေကြောင်း သိရသည်။

ဇွန်လ ၁၇ ရက် စနေနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင်  ၆ ကြိမ်ထက်မနည်းခေါ်ဆိုထားပြီးနောက် ၁၂ နာရီဝန်းကျင်အချိန် လက္ဖက်ရည်ဆိုင် ပိုင်ရှင် ဦးဇော်ကြီးဘက်မှ ပြန်လည်ခေါ်ဆိုပေးရာတွင် ယခုကဲ့သို့ ပြောဆိုခဲ့သည်ဟု ဦးဇော်ကြီးက KNG ကိုပြောသည်။

ငါက ပျူစောထီးအဖွဲ့က ဗိုလ်စောမောင်ပဲ၊ မင်းအခွန်ဆောင်ရမယ်၊ ငွေဆယ်သိန်းကို မင်းကိုယ်တိုင်လာပေးရမယ်၊ မပေးရင် မင်းအသက်လာယူမယ်ဟုပြောသည်။

ခြိမ်းခြောက်ပြောဆိုခဲ့ရာတွင် တောင်းခံငွေကို ဖားပြင်ကျေးရွာအနီး စခန်းကိုလာပေးရမည်ဟုပြောပြီး လူကိုယ်တိုင်လာရောက်ပေးရန် အဆင်မပြေပါက Wave Money ဖြင့် ခုနှစ်သိန်းလွှဲပေးရမည်ဟု နောက်တစ်ကြိမ် ထပ်မံဖုန်းဆက်ခဲ့ကြောင်း သိရသည်။

သူနောက်ဆုံး ခြိမ်းခြောက်တော့ ကျနော်လည်း ခင်ဗျားကိုယ်တိုင်လာယူလို့ ပြောလိုက်တယ်၊ အဲ့လိုပြောတော့ သူက မင်းဆိုင်ပိတ်ထား မပိတ်ရင် မင်းအသက်လာယူမယ်ဟုပြောကာဖုန်းချသွားကြောင်း သူကဆက်ပြောပြသည်။

ထိုသို့ ခြိမ်းခြောက်ခံရမှုကြောင့် ဦးဇော်ကြီးသည် သတိထားနေထိုင်ရသည့် အခြေအနေတွင်ရှိနေပြီး လက်ရှိအချိန်အထိ  လက္ဖက်ရည်ဆိုင်ကို ဖွင့်ထားဆဲဖြစ်ကြောင်းသိရသည်။

ဖားကန့်မြို့နယ်တွင် ကျောက်အရောင်းအဝယ်လုပ်သည့် တရုတ်သူဌေးအိမ် ဓါးပြတိုက်ခံရမှု၊ တည်းခိုခန်းပိုင်ရှင် ဓါးပြတိုက်ပြီး အသတ်ခံရမှု အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။

ထို့အပြင်  ဇွန်လ ၁၃ ရက်နေ့တွင်လည်း ဖားကန့်မြို့မှ မြို့မကဖေး လက္ဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်အား ဖမ်းဆီးထားပြီး ငွေကျပ်သိန်းသုံးရာနှင့် ရွှေတစ်ဆယ်သားတောင်းဆိုခဲ့သော်လည်း ယနေ့အထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်းသိရသည်။

Show More

Related Articles

Back to top button