စစ်ပြေးဒုက္ခသည်များသတင်း

ချီဖွေစစ်ရှောင်စခန်းတွင် ရာသီတုတ်ကွေး ဖျားနာသူများလာ၊ ကုန်စျေးနှုန်းအဆတန်မြင့်တက်မှုပြဿကြုံတွေ့နေရ

ချီဖွေမြို့ပေါ်ရှိ စစ်ရှောင်စခန်း ၂ နေရာတွင် မိုးတွင်းကာလ ဝင်ရောက်လာသည့်အတွက် ရာသီတုတ်ကွေး ဖျားနာသူ ပိုမိုများလာပြီး ဆေးဝါးကုသမှု အကူအညီိများလိုအပ်နေကြောင်းသိရသည်။

ယခု ဇွန်လဆန်းပိုင်း အတွင်းမှ စစ်ရှောင်စခန်း ၂ နေရာမှ စစ်ရှောင်များက ဝမ်းပျက်ဝမ်းလျှော၊ တုတ်ကွေး ရောဂါအဖြစ်များနေသည်ဟု  စစ်ရှောင်စခန်းမှ အမျိုသမီးတစ်ဦးက KNG ကိုပြောသည်။

မိုးတွင်းဆို သောက်ရေတွေမသန့်ဘူး၊ လောလောဆယ် ဝမ်းပျက်ဝမ်းလျှောတာတွေ မတွေ့ရသေးပေမဲ့ အခုကျွန်မတို့ဘက်မှာ တုတ်‌ကွေး ချမ်းဖျားဖျားတယ် ချောင်းဆိုတာမျိုးအရမ်းဖြစ်နေကြတယ်၊ကလေးတွေရော လူကြီးတွေရော အရမ်းဖျားနာနေကြတယ်၊ တစ်ယောက်ပျောက်ပြီး တစ်ယောက်ပြန်ဖျားလိုက်နဲ့ စခန်းရဲ့ ၃ ပုံတစ်ပုံတစ်ပုံလောက်ကတော့ အဲ့လိုဖြစ်နေကြတာ ဟုတ်တယ်ဟုပြောဆိုသည်။

မိုးတွင်းကာလအချိန် သောက်သုံးရေမသန့်သည့် ပြဿနာကြောင့် ရာသီတုတ်ကွေးဖြစ်ပွားမှု နှစ်စဉ် ကြုံတွေ့နေရခြင်းလည်းဖြစ်သည်ဟုသိရသည်။

ချီဖွေစစ်ရှောင်စခန်း ၂ ခုတွင် အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၃၀၀ ဝန်းကျင်ရှိပြီး အဆိုပါ စစ်ရှောင်များသည် လွန်ခဲ့သော ၂၀၁၂ ခုနှစ်တွင် တိုက်ပွဲပြင်းထန်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့သည့် စစ်ရှောင်များဖြစ်သည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် လက်ရှိတွင် ကျန်းမာရေးပြဿနာသာမက စားဝတ်နေရေးအခက်အခဲနှင့် ကလေးငယ်များအတွက် ကျောင်းသုံးပစ္စည်း အကူအညီများလည်း လိုအပ်နေသည်ဟု သူကဆက်ဆိုသည်။

မိုးတွင်းကာလဖြစ်တဲ့အတွက် ကျွန်မတို့မှာ အစားအသောက်အတွက်လည်း အရမ်းခက်ခဲတယ်၊ ဒီခက်ခဲတယ်ဆိုတဲ့ထဲမှာ အဓိကတော့ ဆန်ပေါ့၊ ဈေးတွေတက်လာတဲ့ အတွက် ဆန်တွေလည်းသိပ်မဝယ်စားနိုင်တော့ နောက်ပိုင်းဆန်တွေ မရတော့မှာလည်းစိုးရိမ်တယ်၊ မစားရမှာလည်းစိုးတယ်၊ကလေးတွေအတွက်ဆိုရင်လည်းထီးတွေ၊ ဖိနပ်တွေ၊ လွယ်အိတ်တွေ၊ မိုးကာတွေလည်းအရမ်းကိုလိုအပ်နေပါတယ်ဟု ဆက်ဆိုသည်။

လက်ရှိ မြစ်ကြီးနားချီဖွေသွား လမ်းမကြီးတစ်လျှောက်ပေါ်တွင်လည်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငွေကြေးကောက်ခံသည့် ဂိတ်နေရာ ၁၃ ခု  ထက်မနည်းရှိနေသောကြောင့် ချီဖွေမြို့ပေါ်တွင် ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေကြောင်း ဒေသခံများပြောသည်။

အခုဒီမှာက အဓိက မြစ်ကြီးနား၊ အောက်ပိုင်းကနေဘဲစားနေရကြတာလေ အဲ့ဘက်ကဆိုတော့သယ်ယူသယ်ပို့ ခက်ခဲလာပြီး ဂိတ်တွေမှာလည်း ပိုက်ဆံအရမ်းတောင်းကြတယ်၊ဆီဈေးကလည်းတက်ဆိုတော့ တန်ဆာခလည်းဈေးကြီးလာပြီး ဂိတ်တွေမှာကပြန်ပေးရတာနဲ့ ဂိတ်တွေမှာပေးရတာနဲ့တင် တစ်သိန်းလောက်ရှိတယ်၊ ဆီဈေးနဲ့ဆို သုံးသိန်းကျော်ပြီလေအဲ့တာတွေကြောင့် ဈေးတက်လာတာပေါ့ဟုဒေသခံအမျိုးသားတစ်ဦးကပြောသည်။

လက်ရှိ ချီဖွေမြို့တွင် ရိုးရိုးဆန်တစ်အိတ်လျှင် ၁သိန်းဝန်းကျင်ရှိနေပြီး ဆီတစ်ဘူး ၇ ထောင်ကျပ်၊ ပဲဆီတစ်ပိဿာ တစ်သောင်းခွဲ၊ ကြက်သွန်နီ တစ်ပိဿာ သုံးထောင်၊ ကြက်သွန်ဖြူ တစ်ပိဿာ ခုနှစ်ထောင်၊ကုလားပဲတစ်ဘူး ထောင့်ငါးရာ၊ မြေပဲဆံတစ်ဘူး နှစ်ထောင်၊ ကြက်ဥတစ်ကဒ် ရှစ်ထောင့်ငါးရာ စသဖြင့်ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။

Show More

Related Articles

Back to top button