စစ်ပြေးဒုက္ခသည်များသတင်း

စစ်ရှောင်ရက် ကြာမြင့်လာသည့် ဆားလင်းကြီး စစ်ရှောင်များ စားဝတ်နေရေးခက်ခဲလာ

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ သုံးထောင်ကျော်က စစ်ရှောင်ကာလ ၁၀ ရက်ကျော်ခန့်ကြာမြင့်လာပြီဖြစ်သည့်အတွက် စားဝတ်နေရေးပိုမို ခက်ခဲလာကြောင်း အညာပစ်တိုင်း ထောင်လေးများအဖွဲ့ထံမှသိရသည်။

ဇွန်လ ၉ ရက်နေ့ ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့သည့်နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ပင်ကြီးကျေးရွာအုပ်စုကို ဝင်ရောက်စီးနင်းခဲ့သောကြောင့် ဒေသခံ ၃၀၀၀ ကျော်က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရာ လက်ရှိတွင် နေရပ်မပြန်နိုင်သေးဘဲ အခက်အခဲကြုံတွေ့နေရကြောင်း တာဝန်ရှိတစ်ဦးက KNG ကိုပြောသည်။

စစ်ဘေးရှောင်က လက်ရှိ၃၀၀၀ကျော်လောက်ရှိတယ် နေရပ်မပြန်နိုင်ပဲ စစ်ဘေးရှောင်နေရတာ ၁၀ရက် ကျော်လာပြီ တစ်ချို့ဆိုရင် ဘာမှမသယ်နိုင်ပဲ ခြေဗလာနဲ့ပြေးခဲ့ရသူတွေလည်းရှိတယ် အဲ့တော့ စစ်ဘေး ရှောင်တွေက တော်တော်လေးခက်ခဲနေကြတယ်ဟုပြောသည်။

စစ်ရှောင်များသည် နီးစပ်ရာဆွေးမျိုးအိမ်များနှင့် ဘုန်းကြီးကျောင်းနေရာများ၊ တောတောင်များတွင် ယာယီစခန်းများဆောက်လုပ်ကာ ခိုလှုံတိမ်းရှောင်နေရကြောင်း စစ်ရှောင်ကူညီသူများထံမှသိရသည်။

လက်ရှိ တိမ်းရှောင်နေသည့် ယာယီစခန်းများတွင် ရက်ရှည်လာပြီး အမိုးအကာမရှိဘဲ တိမ်းရှောင်နေရသည့်အတွက်ကြောင့် ဖျားနာသူပိုမိုများပြားလာသည်ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ယခုလို ဆက်ဆိုသည်။

စစ်ဘေးရှောင်တွေက လက်လုပ်လက်စားတွေများတယ် အလုပ်လည်းမရှိတော့ ပိုက်ဆံမရှိဘူးလေ စစ်ဘေးရှောင်ရတာရက်လည်းကြာလာတော့ ဖျားနာတာတွေလည်းရှိလာတယ် ပိုက်ဆံလည်းမရှိ အလုပ်ကလည်းမရှိတော့ ဖျားနာရင်တောင်ကုသဖို့တောင်မရှိတာတွေကြုံနေရပါတယ်ဟုပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ညောင်ပင်ကြီးကျေးရွာအုပ်စုမှ သိမ်တော်၊ ထန်းတော၊ နှင်းတော၊ အိုမ၊ အမှတ်၃၊ ရွာရှည် စသည့်ကျေးရွာများမှ ဒေသခံများဖြစ်သည်ဟုသိရသည်။

ညောင်ပင်ကြီးကျေးရွာအုပ်စုသည် ဆားလင်းကြီးမြို့နှင့် ၁၀မိုင်အကွာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းတွင်တည်ရှိသောကျေးရွာအုပ်စုကြီး တစ်ခုဖြစ်ပြီး လက်ရှိမှာနေအိမ် ၁၀၀ ကျော်ထက်မနည်းမီးရှို့ဖျက်ဆီးခံ ထားရသည်ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှသိရသည်။

Show More

Related Articles

Back to top button