သတင်း

နမ်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီအောက် ဖွင့်လှစ်နေသည့် စာသင်ကျောင်းများ ပိတ်ရန် KIO ညွှန်ကြားစာထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီလက်အောက် ဖွင့်လှစ်သင်ကြားနေသည့် စာသင်ကျောင်းများကို သင်ကြားခွင့်မပြုဘဲ ပိတ်ရန် KIO ဘက်မှ တားမြစ်စာများ ပို့ထားပြီးနောက် ကျောင်းလာတက်သည့် ကျောင်းသားများ နည်းပါးသွားသည်ဟု  ဒေသခံများပြောသည်။

ဇွန်လ ၁၂ ရက်နေ့တွင် နမ်ဖတ်ကာ အမှတ်( ) အခြေခံပညာမူလတန်းကျောင်းသို့ KIO ဘက်မှ တားမြစ်စာရောက်ရှိပြီးနောက် ထိုတားမြစ်စာထဲတွင်  ဇွန်လ ၁၃ ရက်နေ့မှ နမ်ဖတ်ကာအထက်တန်းကျောင်းနှင့် ပန်ကိုင်ကျောင်းသို့ ကျောင်းပိတ်ရန် ညွှန်ကြားထားသည်ဟုသိရသည်။

ထို့ကြောင့် ကျောင်းဆရာ၊ဆရာမ တချို့နှင့် ကျောင်းသားမိဘတချို့က လုံခြုံရေးအတွက်စိုးရိမ်ပြီး ၎င်းတို့၏ ကလေးများကို  ကျောင်းကိုမပို့ရဲသည့်အခြေအနေဖြစ်နေကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။ 

နမ်ဖတ်ကာမှာက ကျောင်းတွေဖွင့်နေပေမဲ့ KIO ဘက်မှ တားမြစ်စာတွေ ပို့ထားတာကြောင့် ကလေးတွေလည်း ကျောင်းမသွားရဲဘူးဖြစ်နေကြတာပေါ့။ ဆရာမတွေလည်း ကြောက်ကြောက်နဲ့သွားနေရ၊ကျောင်းသားတချို့လည်း မိဘတွေမသွားခိုင်းတော့တာမျိုး။ ကျောင်းဖွင့်ပေမဲ့ ကျောင်းသားတွေမလာရင် ပိတ်လိုက်ရတာတို့ အဲ့မျိုးတွေဖြစ်နေတယ်ဟုနမ်ဖတ်ကာဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောပြသည်။

KIO ဘက်က ကျောင်းပိတ်ရန် တားမြစ်သည့် ညွန်းကြားစာနှင့် ပတ်သက်ပြီး နမ်ဖတ်ကာ ဒေသတာဝန်ရှိသူ KIO အရာရှိတစ်ဦးက KNG ကို ယခုလိုပြောသည်။

အဲ့ဒီစာက ကျနော်တို့ နမ်ဖတ်ကာသီးသန့်တိုက်နယ် (Laksan Ninghtawn)ဘက်က ပို့တာဟုတ်တယ်။ ကျောင်းဘာလို့ပိတ်ဖို့ တားမြစ်ရလဲဆို အားလုံးသိတဲ့အတိုင်းပဲ စစ်အာဏာရှင်က ဖွင့်တာဖြစ်တဲ့အတွက်အာဏာသိမ်းကတည်းက ပိတ်ဖို့တားမြစ်တာတွေရှိတယ်။ ဆိုတော့ အခုထပ်ပြီး အထက်အမိန့်အရ စာပို့ပြီး ပြန်လုပ်ဆောင်တာဖြစ်တယ်ဟုပြောသည်။

အဆိုပါ KIO ဘက်မှ တားမြစ်စာရောက်ရှိသည့်နေ့ ညနေပိုင်းတွင် စစ်ကောင်စီဘက်မှလည်း နမ်ဖတ်ကာ KBC အသင်းတော်ဘုရားကျောင်းဝင်းသို့ ရောက်ရှိလာကာ ကျောင်းကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးပေးရန်လာရောက်ပြောဆိုသွားမှုလည်း ရှိကြောင်း ဆက်လက်သိရသည်။

ယခုလို ကျောင်းပိတ်ရန် တားမြစ်စာကြောင့် နမ်ဖတ်ကာတွင် စာသင်ကျောင်းများ  ၂ ရက်သာ ပိတ်လိုက်ပြီး လက်ရှိတွင် ကျောင်းများပြန်ဖွင့်နေပြီဖြစ်သော်လည်း လာရောက် တက်ကြသည့် ကျောင်းသားများ နည်းပါးနေသည်ဟု ကျောင်းသားမိဘတစ်ဦးကပြောသည်။

နမ်ဖတ်ကာကျေးရွာမှာ အထက်တန်းကျောင်းကြီး ၁ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်းနှင့် မူလတန်းကျောင်း ၇ ကျောင်း ရှိရာမှ ၂၀၂၃၂၀၂၄ ခုနှစ် စာသင်နှစ်၌ အထက်တန်းကျောင်းတွင်

ကျောင်းသားပေါင်း ၁ ထောင်ကျော် နှင့် Non-CDM ဆရာ၊ဆရာမအားလုံး ၂၀ ကျော်ရှိကြောင်းသည့်အတွက် ပြီးခဲ့သည့်စာသင်နှစ်ထက် ကျောင်းတက်ရောက်သူ ၈၀ ရာခိုင်နှုန်းခန့် တိုးမြှင့်လာကြောင်း သိရသည်။ 

ပြီးခဲ့သော နှစ်တွင်လည်း ထိုနည်းတူ စစ်ကောင်စီ လက်အောက်တွင် ကျောင်းများဖွင့်လှစ်ခြင်းမပြုလုပ်ရန် တအောင်းတပ်မတော် TNLA ဘက်မှ တားမြစ်စာပို့ခဲ့ကြောင်း  နမ့်ဖတ်ကာကျေးရွာမှအလယ်တန်းကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

ပညာရေးဘက်မှာတော့ အတင်းအကြပ်မလုပ်ကြရင် ပိုကောင်းမလားလို့။ ကျောင်းတွေပိတ်လိုက်ကြရင် ကလေးတွေပညာရေးမှာ အရမ်းနောက်ကျသွားကြမှာ။ အဲ့ဒါကြောင့် ဘယ်ကျောင်းတွေဖြစ်ဖြစ်ဖွင့်လှစ်နေရင်တော့ ပို့ကောင်းတယ်လို့မြင်တယ်ဟုပြောသည်။

ကွတ်ခိုင်မြို့အနီး နမ်ဖတ်ကာကျေးရွာ ကျေးရွာကြီးတစ်ရွာဖြစ်ပြီး ရှမ်း ၊ဗမာ၊ တရုတ်၊ ကချင်၊ တအောင်း စသည့်တိုင်းရင်းသားမျိုးစုံ အတူယှဉ်တွဲနေထိုင်သည့် ကျေးရွာကြီးတစ်ရွာဖြစ်သည်။

အလားတူ KIA တပ်ရင်း ၁၂ နယ်မြေဖြစ်သည့် ရွှေကူမြို့နယ်တွင်လည်း စစ်ကောင်စီလက်အောက် စာသင်ကျောင်းများဖွင့်လှစ်ခြင်းမပြုရန် ဇွန်လ ၁၂ ရက်နေ့ရက်စွဲဖြင့် KPDF များမှ တားမြစ်စာတစ်စောင်ကိုလည်း ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button