သတင်း

ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ လက်နက်ထုတ်လုပ်ရေးစခန်း တစ်ခု မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Chindwin Attack Force အဖွဲ့၏ လက်နက် ထုတ်လုပ်ရေးစခန်းတစ်ခု မီးလောင်ပြီးပျက်စီးသွားသည့်အတွက် ဆုံးရှုံးမူတန်ဖိုး ကျပ်ငွေသိန်း ၃၀၀ ကျော်ရှိခဲ့သည်ဟု Chindwin Attack Force အဖွဲ့က ဒီကနေ့ ဇွန်လ၂၁ ရက်နေ့တွင်အသိပေးထုတ်ပြန်ပါသည်။

ဇွန်လ ၁၉ ရက်နေ့တွင် လက်နက်ထုတ်လုပ်ရန် ဂဟေဆော်နေရာမှ မတော်တဆ မီးလောင်မှုဖြစ်ပွားခဲ့ရာ သိုလောင်ထားသည့် ယမ်းများ၊ လက်လုပ်သေနတ်များ၊ ကျပ်သိန်း၂၀ကျော် တန်ဖိုးရှိ CAF BR1 ရိုင်ဖယ်များ၊ မော်တာများနှင့် တွင်ခုန်များပျက်စီးဆုံးရှုံးခဲ့ရသည်ဟု CAF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဥ်က စခန်းမှာ သေနတ်ပုံစံအတွက် တစ်ဖွဲ့ကဂဟေဆော်နေတာ ဘေးမှာက ကျည်ဘောက်လုပ်နေတာ အဲ့မှာဂတ်စ်ပေါ်ကိုမီးပွားကျပြီး မတော်တဆကနေမီးလောင်ခဲ့တာပါ ဆုံးရှုံးမူကများတာကြောင့် စိတ်ဓာတ်လည်းတော်တော်ကျနေပါတယ်ဟု CAF မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

မီးလောင်ဖြစ်ပွားမှုတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုတစ်စုံတစ်ရာမရှိသော်လည်း ၎င်းတို့၏ ပေါ့ဆမှုကြောင့် ပြည်သူများလှူဒါန်းထားသည့်ပစ္စည်းများ ငွေကြေးများ ဆုံးရှုံးခဲ့ရသည့်အတွက် အလွန်စိတ်မကောင်းဖြစ်ရသည်ဟု တာဝန်ရှိသူက အခုလိုဆက်ပြောသည်။

အဓိကကတော့ မိဘပြည်သူကိုတောင်းပန်ချင်ပါတယ် ဘာလို့ဆို မိဘပြည်သူတွေလှူဒါန်းထားတဲ့ ပြည်သူ့ငွေတွေကိုမှ ကျနော်တို့ပေါ့ဆမူကြောင့် အခုလိုမီးလောင်သွားတာကြောင့် အနူးညွှတ်တောင်းပန်ချင်ပါတယ်ဟု၎င်းကပြောသည်။

သို့ပေမယ့် လက်ရှိတွင် ထုတ်လုပ်ရေးစခန်း ပြန်လည်ဆောက်လုပ်ရန် ပြင်ဆင်နေကြပြီး အကူအညီများလိုအပ်နေသည့်အပေါ် တတ်နိုင်သလောက် ပါဝင်ကူညီပေးကြရန် Chindwin Attack Force အဖွဲ့က တောင်းဆိုထားသည်။

အဆိုပါ ထုတ်လုပ်ရေးစခန်းမှ လက်လုပ်သေနတ်များ၊၄၀မမ၊၆၀မမနှင့် လက်လုပ်မိုင်းများကို ကိုယ်ပိုင် ထုတ်လုပ်နေသည့် စခန်းတစ်ခုဖြစ်ပြီး မုံရွာခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေသည့်အဖွဲ့ဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button