သတင်း

ကွတ်ခိုင် KBC စစ်ရှောင်များ နေရာအသစ်သို့ ပြောင်းရွှေ့နေထိုင်ရန် ငွေကြေးအကူအညီလိုအပ်နေ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရာသစ်သို့ ပြောင်းရွှေ့နေထိုင်နိုင်ရန် ငွေကြေးအကူအညီလိုအပ်နေသည်ဟု စစ်ရှောင်ပြည်သူများကပြောသည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် KBC ဘုရားကျောင်းဝင်းတွင် ဆယ်စုနှစ်တစ်ခုအကြာ စစ်စရှောင်ကာလ ကြာမြင့်လာပြီဖြစ်သည့်အတွက်  ကွတ်ခိုင်မြို့ နယ်မြေ ၅ နေရာတွင် ရွှေ့ပြောင်းနေထိုင်ရန် ပြင်ဆင်ထားသော်လည်း မြေကွက်တန်ဖိုး မဆပ်နိုင်သေးသဖြင့် ပြောင်းရွှေ့နေထိုင်ရန် အခက်အခဲရှိနေကြောင်း စစ်ရှောင်တစ်ဦးက KNG ကိုပြောသည်။

အခု နေတဲ့ ဘုရားကျောင်း နေရာနဲ့ မဝေးဘူး၊ လမ်းလျှောက်ပြီးသွားရင် ၁၅ မိနစ်လောက်ဘဲ သွားရတဲ့နေရာမှာ ပြောင်းဖို့လုပ်ထားတာ အဲ့မှာ အခုမှ မြေတွေညီအောင်ဘဲလုပ်ထားရသေးတယ်မြေဝယ်ထားတဲ့ ကုန်ကျစရိတ်တွေလည်း အကုန်မပေးနိုင်သေးဘူး ကျန်သေးတယ်၊ အခုချေးထားတာကသိန်းရာချီတော့ အခု သိန်း ၂၀၀ ကျော်ဆပ်ရအုံးမှာ၊ ဒီလိုမျိုးအခက်အခဲတွေ ကြုံနေရတာပေါ့ဟုပြောသည်။

စစ်ရှောင်များ မြေကွက်ဝယ်ယူထားသည့် နေရာအသစ်

စစ်ရှောင်များသည် နေရပ်ပြန်ရန် ဆန္ဒရှိသော်လည်း လက်ရှိ ဖြစ်ပေါ်နေသော  နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နေရပ်ပြန်နိုင်ခြင်းမရှိသည့်အပြင် ဘုရားကျောင်းဝင်းတွင်လည်း ဆက်လက်နေထိုင်ရန် အခက်အခဲရှိလာသည့်အပေါ် နေရာအသစ်သို့ ပြောင်းရွှေ့နေထိုင်ကြရန် ဆုံးဖြတ်ထားကြသည်ဟုသိရသည်။

ထို့ကြောင့် နယ်မြေအသစ်သို့ ပြောင်းရွှေ့နေထိုင်ရန်နှင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးအတွက်လည်း  သက်ဆိုင်ရာတာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးရန် လိုအပ်နေသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက တောင်းဆိုထားသည်။

ကျွန်မတို့အခုက ပြောင်းရွေ့ဖို့လုပ်နေတဲ့ အတွင်းဖြစ်တဲ့အတွက် ကူညီထောက်ပံ့ပေးဖို့ကအဓိကပေါ့၊ပြီးတော့ ကျွန်မတို့ မိဘတွေကို ဖြစ်နိုင်ရင် ငွေကြေးအားဖြင့် ကူညီပေးနိုင်ရင်တော့ အကောင်းဆုံးပါ။မိဘတွေအနေနဲ့ ကလေးတွေ စားသောက်ဖို့ ကိုလုပ်ပေးနိုင်ပေမဲ့ ကလေးတွေရဲ့ ပညာရေးပိုင်း မှာထောက်ပံ့ပေးဖို့ အခက်အခဲတွေအများကြီးရှိတယ်၊ ကျွန်မတို့ စစ်ရှောင်တွေကို အမြင်မသေးဘဲတကယ်ကို ကူညီပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဟုပြောသည်။

လက်ရှိတွင် စစ်ရှောင်များသည် ပြောင်းရွှေ့နေထိုင် အခက်အခဲများရှိနေသည့်အပြင် ကုန်စျေးနှုန်းများမြင့်တက်နေမှုကြောင့် စားဝတ်နေရေး အခက်အခဲများလည်း ကြုံတွေ့နေရသည်ဟုသိရသည်။

၂၀၂၀ ခုနှစ် NLD အစိုးရလက်ထက်တွင် လက်ရှိ လျာထားသည့် မြေနေရာအသစ်ပေါ်တွင် အဆောက်အဦးများ ဆောက်လုပ်ပေးရန် စီစဉ်ထားခဲ့သော်လည်း စစ်တပ်အာဏာသိမ်းလိုက်သည့်နောက်ပိုင်း အဆိုပါ စီမံကိန်း ပျက်ပြယ်သွားခဲ့ရပြီး လက်ရှိတွင် စစ်ရှောင်ပြည်သူများက ၎င်းတို့၏ စီမံကိန်း ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပြောင်းရွှေ့နေထိုင်ရန် ပြင်ဆင်နေခြင်းလည်းဖြစ်သည်ဟု စစ်ရှောင်များကပြောသည်။

အဆိုပါ စစ်ရှောင်များသည် နားခရိန်၊ နောင်းပါ၊ ဂလောင်း၊ နမ်းမာ စသည့်ကျေးရွာများမှ ဒေသခံများဖြစ်ကြပြီး ၂၀၁၂ ခုနှစ် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက်ကြောင့် ကွတ်ခိုင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်းခဲ့ရသည့် စစ်ရှောင်များဖြစ်သည်။

Show More

Related Articles

Back to top button