သတင်း

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် မိသားစု ၄ ဦးထိခိုက်ခဲ့ပြီး ကလေးငယ် သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တောင်ပိုင်း အနောက်စံသာကျေးရွာတွင် စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့်  ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဇွန်လ ၂၁ ရက်နေ့ ည ၉ နာရီအချိန် နည်းပညာတက္ကသိုလ်ကျောင်းဝင်းထဲ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ကလေးမြို့အနီးရှိ ကျေးရွာများဘက်သို့ လက်နက်ကြီး ၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ရာတွင် အနောက်စံသာ ကျေးရွာရှိ  မိသားစု ၄ ဦးနေထိုင်သည့် နေအိမ်တွင် ကျရောက်ပေါက်ကွဲမှုရှိခဲ့သည်ဟု စစ်ဘေးရှောင်ကူညီနေသူ ကိုသူရိန်ဇင်ကပြောသည်။

မနေ့ညက ၈ နာရီနဲ့ ၁၀နာရီကြားမှာ လက်နက်ကြီးနဲ့ထုနေတာ ၅လုံး၆လုံးကြားလိုက်ရတယ် မိသားစုလိုက် ထိခိုက်သွားတာပါ ၅နှစ်အရွယ်အငယ်ဆုံးလေးကတော့ ပွဲချင်းပြီးသေဆုံးခဲ့ရတယ် ဦးခေါင်းထိမှန်သေဆုံး ခဲ့တယ်လို့ သိရပါတယ်ဟုပြောသည်။

အနောက်စံသာ ကျေးရွာရှိ  မိသားစု ၄ ဦးနေထိုင်သည့် နေအိမ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့် မြင်ကွင်း

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ နှစ်အရွယ် မိခင်းဖြစ်သူမှာ ခြေတစ်ဖက် ဖြတ်လိုက်ရပြီး ၈ နှစ်အရွယ် သမီးကြီးဖြစ်သူနှင့် ၇ နှစ်အရွယ် သားငယ်ဖြစ်သူ ၂ ဦးသည်လည်း ပြင်းထန်းဒဏ်ရာရရှိထားသည့်အတွက် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် နည်းပညာတက္ကသိုလ်ကျောင်းဝင်းနေရာနှင့် အနောက်စံသာကျေးရွာသည် ၅ မိုင်းခန့်အကွာရှိတွင်သာရှိသည်ဟုသိရသည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တပ်စစ်ရေးတင်းမာသည့် အခြေအနေတွင်ရှိနေသောကြောင့် ကလေးမြို့ပေါ်သွားလာခွင့်ကိုလည်း ယာယီပိတ်ဆို့ထားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုဆက်ပြောသည်။

ဒီတစ်ရက်နှစ်ရက်တော့ တိုက်ပွဲဖြစ်တာမရှိဘူး ငြိမ်နေတယ် နှစ်ဖက်ကြားတော့စစ်ရေးတင်းမာမူရှိတယ် ကလေးမြို့နယ်တောင်ပိုင်းကိုတော့ ကျနော်တို့ဘက်က လမ်းတွေယာယီပိတ်ထားတယ် အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တာကြောင့် ပြည်သူတွေအတွက်ကြည့်ပြီး လမ်းတွေပိတ်ထားတာပါဟုပြောသည်။

အဆိုပါ ကလေးမြို့ပေါ် နည်းပညာ တက္ကသိုလ်ကျောင်းတွင် တပ်စွဲထားသည့် ခလရ၂၂၈ တပ်ရင်းနှင့် ဇင်းကလေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့ တောင်ပိုင်းနေရာဘက်သို့ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

ဇွန်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၅ ရက်အတွင်း သာစည်နှင့် ထိုမာကျေးရွာ ၂ ခုတွင် စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် ကလေးငယ် တစ်ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ရသည်။

Show More

Related Articles

Back to top button