သတင်း

အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် နဘားဒေသခံ သုံးဦးထိခိုက်

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့တွင်း စစ်ကောင်စီတပ် တပ်ထိုင်ထားသည့် စစ်တပ်ကုန်းမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် နဘားဒေသခံ ၃ ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အင်းတော်မြို့ တပ်မ ၇၇ တပ်ရင်းမှ အင်းတော်မြို့နှင့် ၆မိုင်ကျော်အကွာရှိသည့် နဘားဒေသ ကျေးရွာများဘက်သို့ဦးတည်ပြီး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေသဖြင့် ဇွန်လ ၂၁ ၊ ၂၂ ရက်နေ့ ပစ်ခတ်မှုတွင် အဆိုပါ ဒေသခံ ၃ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည််််ဟု အင်းတော်ဒေသခံတစ်ဦးက KNG ကိုပြောသည်။

သူတို့ကရမ်းသမ်းပစ်ခတ်နေတာ အမြဲတမ်းလိုလိုပဲ အင်းတော်မြို့ပတ်ဝန်းကျင်တော်တော် များများကိုလည်းနော် နေ့တိုင်းလိုပဲ ရမ်းသမ်းပစ်ခတ်နေတာ ပထမရက်ညနေပိုင်းကိုတော့ ယောက်ကျားလေးသုံးဘီးမောင်း ဆရာထိတယ်။ သုံးဘီးကောပျက်စီးသွားတယ် နောက်နေ့ကိုတော့ ကမ်းနီရွာကသားအမိနှစ်ယောက်ကိုထိတယ်ဟု ပြောသည်။

ဇွန်လ ၂၁ရက်နေ့ ည ၆နာရီအချိန်က ပစ်ခတ်ခံရသည့် ဖြစ်စဥ်တွင် ပင်ဝယ်ရွာမှ အသက် ၄၀ ကျော် အမျိုးသားတစ်ဦး ထိမှန်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့ ပစ်ခတ်ခံရမှုတွင် ကမ်းနီရွာခံ အသက် ၂၀ ကျော်အမျိုးသမီးတစ်ဦးနှင့် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး အသားအမိနှစ်ဦး ထိခိုက်ခဲ့သည်ဟုသိရသည်။ သားအမိ ၂ ဦး ထိခိုက်မှုမှာ ကလေးငယ်ဖြစ်သူ ဒဏ်ရာပြင်းထန်သည့်အတွက် အခြေအနေ စိုးရိမ်ရပြီး ကသာမြို့ ဆေးရုံတွင် ပို့ဆောင်ထားသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် နဘားကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု ပုံမှန်လုပ်ဆောင်နေပြီး ယခုကဲ့သို့ လုပ်ဆောင်မှုကြောင့် အနီးတဝိုက်ရှိသော ဒေသခံတောင်သူများ လယ်ယာလုပ်ငန်းများလုပ်ကိုင်ရန် အခက်အခဲရှိနေကြောင်းလည်း ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

အခုကကျတော့လယ်သမားတွေအလုပ်လုပ်တဲ့အချိန်လေးနော် အဲ့မှာမှသူတို့က ဒရုန်းနဲ့ကြည့်နေတာပေါ့ အဲ့ဒါဆိုလယ်ယာလုပ်တဲ့လူတွေလည်း အထိခိုက်ရှိလာတာပေါ့ခုနောက်ပိုင်း သူတို့ကျတော့ ၅နာရီဝန်းကျင်လောက်ဆိုဒရုန်းနဲ့ပတ်ကြည့်နေတာ ကြည့်ပြီးလှမ်းပစ်နေတာ စုစုနေရင်လှမ်းပစ်တာ ဒေသခံတွေကတော့အပြင်ကိုမှမထွက်ရဲအောင်စိုးရိမ်စိတ်တွေများနေတာဟုပြောသည်။

အင်းတော်မြို့ စစ်တပ်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် နဘားနှင့် မော်တိတ် ဒေသဘက်တို့တွင် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ထိ လက်နက်ကြီးထိမှန်သူ ၃၀ ဦး ထက်မနည်းရှိလာပြီဖြစ်ပြီး သေဆုံးသူလည်းရှိကြောင်းသိရသည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် အင်းတော်မြို့နယ်သည် စစ်ကောင်စီတပ်မှ အပြည့်အဝထိန်းချုပ်နိုင်ရန် ကြိုးစားနေပြီး လက်ရှိ နန့်သာနှင့်မော်တိတ်ကျေးရွာတွင် စစ်တပ်က ဝင်ရောက်တပ်စွဲနေရာယူထားပြီး ပိတ်မိနေသည့် ဒေသခံအချို့ကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button