သတင်း

ဝက်လက်မြို့နယ်  ဒေသခံ၂ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် အနောက်ခြမ်း တကောင်းမင်းကျေးရွာမှ ဒေသခံအမျိုးသားနှစ်ဦး စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံခဲ့ရသည်ဟု Wetlet Imformational Network အဖွဲ့ထံမှ သိရသည်။

ဇွန်လ၂၂ရက်နေ့ မနက်ပိုင်း ၉နာရီခန့် ဝက်လက်မြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့များသည် တကောင်းမင်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံအမျိုးသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Wetlet Imformational Network မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

အဲ့ဒီစစ်ကြောင်းက ၂၁ရက်နေ့က မူးကြီးကျေးရွာကိုမီးရှို့ပြီး ဝက်လက်မြို့ထဲကိုဝင်သွားတယ် နောက်နေ့ မနက်၉နာရီခွဲလောက်က တကောင်းမင်းရွာကိုရောက်သွားတယ် အဲ့ဒီရွာသား အမျိုးသားနှစ်ဦးကို သေနတ် နဲ့ပစ်သတ်ခဲ့တာပါ ရုပ်အလောင်းလည်းပြန်ရတယ်ပြောပါတယ် ပြေးရင်းနဲ့မိပြီးသတ်ခံရတယ်လို့ယူဆပါ တယ်ဟုပြောသည်။

ထို့အပြင် တကောင်းမင်းကျေးရွာရှိ‌ နေအိမ် ၁၅ လုံး၊ ဆိုင်ကယ် ၉ စီးနှင့် ကား ၁စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် နောက်ထပ်ဒေသခံအမျိုးသားနှစ်ဦးကိုဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အထိ အဆက်အသွယ် တစ်စုံတစ်ရာ မရရှိသေးကြောင်းသူကဆက်ပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်း ၂ခုခွဲကာ  စစ်ကိုင်းမြို့နယ် အနောက်နှင့် မြောက်ဘက်ခြမ်းနှင့် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိကျေးရွာများကို လှည့်ပတ်ကာ စစ်ကြောင်းထိုးမီးရှို့နေသောကြောင့် ကျေးရွာ ၂၀ ခန့်မှ ပြည်သူများဘေးလွှတ်ရာသို့ထွက် ပြေးတိမ်းရှောင်နေရသည်ဟု ဝက်လက်ကာကွယ်ရေးတပ်က ပြောသည်။

ဒီစစ်ကြောင်း၂ခုမှ ၁ခုကရွှေဘိုဘက်ကိုသွားနေတယ် နောက်တစ်ကြောင်းကတော့ စစ်ကိုင်းကိုရောက်သွား ပြီ ဒေသခံတွေကတော့ သူတို့တောင်ကလာရင် မြောက်ပြေး မြောက်ကလာရင်တောင်ပြေး လုပ်နေရတယ် တော်တော်များများကတော့ ဘုန်းကြီးကျောင်းတွေစာသင်ကျောင်းတို့ မှာတိမ်းနေကြတယ်ဟုပြောသည်။

တကောင်းမင်းကျေးရွာသည် မကြာခဏစစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းခံရပြီး အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ကျေးရွာတစ်ခုဖြစ်ကာ ဝက်လက်မြို့မှဆိုင်ကယ်ဖြင့်သွားလျှင့် ၁၅မိနစ်ခန့်သာကြာသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း တကောင်းမင်းရွာမှ ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်ဘက်က ရက်စက်စွာသတ်ဖြတ်သွားခဲ့ပြီး ကျေးရွာကိုမီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ထုတ်ပြန်ထားပါသည်။

ဝက်လက်မြို့နယ်တွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်မေလအထိ စစ်ကောင်စီတပ်ဝင်ရောက်မီးရှို့ခဲ့သည့်နေအိမ်ပေါင်း ၃၄၀၀ ကျော်ရှိပြီဖြစ်သည့်အပြင် ကျေးရွာပေါင်း ၂၀ကျော်မှ ဒေသခံပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar)၏ ဇွန်လ၁၄ရက်နေ့ နောက်ဆုံး ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၈၆၀၀ကျော်သေဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

Show More

Related Articles

Back to top button