လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ရှမ်းမြောက်မှာ ပြီးခဲ့တဲ့တစ်လတာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အရပ်သား ၆ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာပြင်းထန်

ရှမ်းမြောက်ဒေသ ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ် စတဲ့ ပြည်တောင်စုကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ TNLA တို့အကြား ပြီးခဲ့တဲ့တစ်လတာတိုက်ပွဲမှာ အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA  ကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တစ်ဆက်တည်းမှာဘဲ ဇူလိုင် ၂၃ ရက်နေ့မှစပြီး စစ်တပ်နဲ့ TNLA တို့ ဆက်လက်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။

တိုက်ပွဲအတွင်း  နမ့်ဖတ်ကာ ခ.လ.ရ ၁၂၃ စစ်ပတ်မှ လက်နက်ကြီးဆက်တိုက် ရမ်းတမ်းပစ်ခတ်တဲ့အပြင် ၁၀၅ မိုင် စစ်တပ်နဲ့ နမ့်ခိုင်စစ်တပ်၊ ကွတ်ခိုင်စစ်တပ်စခန်း စတဲ့ တပ်နေရာ ၄ နေရာကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တဲ့အပြင် စစ်တပ်က လေယာဉ်နဲ့ပါ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာပါ။

ဒါ့ကြောင့် နမ့်ဖတ်ကာ နဲ့ အနီးတဝိုက်ရှိ ကျေးရွာဒေသခံပြည်သူတွေဟာ လက်နက်ကြီးပစ်ခတ်မှုအောက်မှာ စိုးရိမ်လျှက်သာ နေထိုင်နေရပြီး ပြောင်းရွှေ့သူတစ်ချို့လည်းရှိနေတယ်လို့ ပြောပါတယ်။

ဘယ်သူ့မှ အသံမထွက်ပဲနဲ့ နမ့်ဖတ်ကာဒေသက ပြည်သူတွေက အချိန်ပြည့်ထိတ်လန့်ပြီးနေနေရတယ်၊ တစ်ယောက်ပြီးတစ်ယောက်က သေနေတယ်။ ဘယ်လိုလုပ်ရမလဲ အဖြေမရှိဘူး။ အချိန်ပြည့် လက်နက်ကြီးပဲပစ်ခတ်နေလို့ ကြောက်လန့်ပြီးပဲ နေနေရတာဟုတ်တယ်။ ဘယ်သူ့ကို အားကိုးရမလဲလည်း မသိတဲ့အချိန်ဖြစ်တယ်။ ကျမတို့ ဒေသဘက်မှာဆို ဘာ CSO အဖွဲ့အစည်းမှ မရှိဘူးလေ။” ဟု နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် နမ့်ဖတ်ကာမှာ ဇူလိုင် ၁၀ ရက်နေ့ကလည်း စစ်တပ်ရဲ့ ခလရ ၁၂၃ တပ်က လက်နက်ကြီးပစ်ခတ်ခဲ့အတွက် နားဖိုင်ကျေးရွာက အမျိုးသမီး ၃ ဦးထိခိုက်ခဲ့တဲ့အပြင် ဇူလိုင် ၁၈ ရက်နေ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကြား ကောင်ရာတောင်ကုန်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း စစ်တပ်ရဲ့လက်နက်ကြီးကြောင့် နမ့်ဖတ်ကာရွာက အသက် ၁၅ နှစ်အရွယ်ကလေး သေဆုံးပြီး အမျိုးသမီး ၂ ဦးအပါအဝင် စုစုပေါင်း ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

အလားတူ ဇူလိုင် ၂၅ ရက်နေ့မှာတော့ နမ့်အွမ်ကျေးရွာမှာ စစ်တပ်နဲ့ TNLA ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်တပ်က လေယာဉ်နဲ့ပါ လာရောက်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဆိုင်းခေါင်ရွာက ဒေသခံ အမျိုးသားတစ်ဦး နေရာမှာတင် အသက်သေဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ထဲမှာ အသက် ၁၀ နှစ်အရွယ် ကလေးက ဆေးရုံမှာ အသက်သေဆုံးခဲ့ပါတယ်။

အဲ့ဒီနေ့မှာပဲ စစ်တပ်က တီးမားကျေးရွာက ကချင်လူငယ် ၂ ဦးကို မတရားဖမ်းဆီးသွားပြီး TNLA တပ်သားကို ပစ်သတ်နိုင်ကြောင်း ပုံသွင်းကာ သတ်ဖြတ်မီးရှို့ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပြီး လူငယ် ၂ ဦးရဲ့ ရုပ်အလောင်းမီးရှို့ပြီး ကျန်တဲ့အရိုးစုတွေကိုတော့  တစ်ပတ်အကြာ ဇူလိုင် ၃၁ ရက်နေ့မှာတော့ မိသားစုဝင်တွေနဲ့ ဒေသခံတွေ အလောင်းတွေ့ရှိခဲ့ပြီး ဩဂုတ် ၃ ရက်နေ့မှာ ဆုတောင်း မြေမြုပ်သဂြိုလ်ခဲ့တာဖြစ်ပါတယ်။

ခုလိုပြည်သူတွေအကြောင်းမဲ့သတ်ဖြတ်ခံရတာဟာ ကချင်တိုင်းရင်းသားမျိုးနွယ်စုများအတွက် သာမက မြန်မာတနိုင်ငံလုံးက ပြည်သူတွေအတွက် ပိုမိုခံပြင်း စိတ်ထိခိုက်စေတဲ့ လုပ်ရပ်မျိုးဖြစ်သလို စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုနဲ့ လူ့အခွင့်အရေးကျူးလွန်မှုက ပိုမိုပြင်းထန်စွာချိုးဖောက်လာနေကြောင်း ကချင် CSO အဖွဲ့အစည်းတွေပြောဆိုပါတယ်။

ကချင်လူငယ် ၂ ဦးကို ဖမ်းဆီးသွားပြီး နှိပ်စက်ပြီး သတ်ဖြတ်မီးရှို့လိုက်တယ်။ ဒီလိုမျိုး ဖြစ်စဉ်က ကျမတို့တိုင်းရင်းသားမျိုးနွယ်စုအားလုံးအတွက်သာမက မြန်မာတနိုင်ငံလုံးက ပြည်သူတွေကို ပိုမို စိတ်နာစေတယ်၊ ခံပြင်းစေတယ်။ ပြီးတော့ ဒီအကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်က အကြမ်းဖက်လွန်သွားတဲ့ဘက်ရောက်သွားပြီ။ လူ စိတ်ဓာတ်မရှိတော့ဘူး။ သူတို့ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ လွတ်လွတ်လပ်လပ် လူ့အခွင့်အရေးလွန်ကျူးစွာ ချိုးဖောက်နေမှုက ပိုမိုဆိုးရွာလာတယ်။ သူတို့ကို ပြောမဲ့သူလည်းမရှိဘူး။ တရားဥမဒေအရ သူတို့ကိုအရေးယူမဲ့သူလည်းမရှိဘူး။ နိုင်ငံတကာကလည်း ဒါကို သိနေရဲ့သားနဲ့ နှုတ်ပိတ်ပြီးနေပေးတယ်။ ဒီလိုဖြစ်စဉ်က ကျမတို့ မြန်မာနိုင်ငံမှာ ပိုဆိုးရွားလာတာကို တွေ့ရတယ်” ဟု လူ့အခွင့်အရေးစောင့်ကြည့်နေတဲ့ Kachin Women Accociation Thailand(KWAT) အဖွဲ့မှ ပြောခွင့်ရှိသူ ဒေါ်မွန်းနေလီကပြောပါတယ်။

ဒီဖြစ်စဉ်သာမကပဲ ဇူလိုင် ၂၉ ရက်နေ့ညမှာလည်း နမ့်ဖတ်ကာ စစ်တပ်၏ လက်နက်ကြီးရမ်းတမ်းပစ်ခတ်မှုကြောင့် အသက် ၆၀ နှစ်အရွယ် အမျိုးသမီးသေဆုံးပြီး ကလေးငယ်အပါအဝင် သားအမိ ၂ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဆက်လက်သိရပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီး ရမ်းတမ်းပစ်ခတ်မှုကြောင့် ပြည်သူ သေဆုံးထိခိုက်မှုရှိပြီး ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့ ဖြစ်စဉ်တွေရှိနေတဲ့အပြင် စစ်ကောင်စီတပ်မှ အမျိုးသမီးတွေအပေါ် အဓ္ဓမပြုကျင့်မှုနဲ့ အဓ္ဓမပြုကျင့်ရန်ကြိုးပမ်းမှု စသည့်ဖြစ်စဉ်မျိုးလည်း ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံပြောပါတယ်။

ပြည်သူတွေက ကြားကနေ အမြဲတမ်းခံစားနေရတဲ့သူတွေပဲ ဖြစ်နေတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ဖြစ်စဉ်တွေက ဒီတစ်ခေါက်ပဲမဟုတ်တော့ဘူး။ ကျနော်တို့ပြည်သူ့ဘက်က မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးမဲ့အရာ ဘာမှမရှိဘူးလေ။ ဘယ်သူ့ကို သွားပြောပြရမလဲ။ လူ့အခွင့်အရေးကျူးလွန်ခံရတဲ့သူတွေက အကြမ်ကြမ်ပဲ။ ကြည့်လေ လူငယ်၂ ဦးကို ဖမ်းဆီးသတ်ဖြတ် လိုက်ပြီး မကြာဘူး။ အမျိုးသမီး ၂ ဦး မဒိမ်းပြန်ကျင့်တယ်။ ဒီလိုဖြစ်စဉ်တွေက မငြိမ်းချမ်းသရွေ့ကျနော်တို့ ပြည်သူတွေက ဆက်လက်ကြုံတွေ့ခံစားနေရမှာပဲ။ ဒို့ပြည်သူတွေလည်း ဘယ်လိုမှပြောမပြတတ်တော့ဘူး။” မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။

အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ဟာ တရားဥပဒေအရ အရေးယူခြင်းမခံရပဲ လွတ်မြောက်နေသေးတဲ့အပြင် ရှမ်းမြောက်ဒေသသာမက မြန်မာနိုင်ငံအချို့နေရာတော်တော်များများမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဆက်တိုက်ရှိနေတာကြောင့် နိုင်ငံတကာမှ အရေးယူပေးသင့်ကြောင့် Kachin Human Right Watch(KHRW) ကလည်း ထုတ်ပြန်ချက်ဖြင့် တောင်းဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်က ရှမ်းမြောက်ဘက်မှာ အခုလိုကျူးလွန်သလို အချို့နေရာတွေမှာလည်း ဆက်တိုက်ဖြစ်ပွားနေတယ်။ စစ်တပ်က အခုလို လူ့အခွင့်အရေးလွန်လွန်ကျူးကျူး စစ်ရာဇဝတ်ကျူးလွန်မှုကို နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်နေတဲ့အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် နိုင်ငံအတွင်းအဖွဲ့အစည်းတွေဖြစ်ဖြစ် ပြင်းပြင်းထန်ထန်အရေးယူသင့်တယ်” ဟု KHRW ရဲ့ ပြောခွင့်ရှိသူ Jacob Kachin ကပြောပါတယ်။

ဇူလိုင်လထဲမှာပဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၁၆ ဦး ထိခိုက် သေဆုံးခဲ့တဲ့ထဲမှာ အသက် ၁၀ နှစ်အောက် ကလေး ၄ ဦးပါဝင်ပြီး အမျိုးသမီး ၇ ဦးပါဝင်တဲ့အပြင် စစ်တပ်ရဲ့လက်နက်ကြီးကြောင့် လူထိခိုက်ရုံသာမက နေအိမ် ၁၀ အိမ်ထက်မနည်းလည်း ပျက်စီးသွားပြီဖြစ်တယ်လို့ ဒေသခံတွေပြောဆိုပါတယ်။

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးရမ်းတမ်းပစ်ခတ်မှုက ပုံမှန်နီးပါးရှိနေတဲ့အပြင် နမ့်ဖတ်ကာစစ်တပ်ဂိတ်နဲ့ နမ့်ခိုင်စစ်တပ်ဂိတ်မှ လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီး စစ်ဆေးမှုလည်း ပုံမှန်ရှိနေကြောင်း သိရပါတယ်။

ဒါ့အပြင် နမ့်ဖတ်ကာစစ်တပ်ဂိတ်နဲ့ နမ့်ခိုင်စစ်တပ်ဂိတ်မှာ ဖမ်းဆီးခံလိုက်ရသူတိုင်းအား ဒေသခံများနဲ့ မိသားစုများမှ လိုက်လံစုံစမ်းနိုင်ခြင်းမရှိတော့သလို သတင်းအစနပါပျောက်ဆုံးတဲ့ ဖြစ်စဉ်မျိုးများ ပုံမှန်ရှိနေကြောင်း ဒေသခံများပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က နမ့်ဖတ်ကာစစ်တပ်ဂိတ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ကွတ်ခိုင်က ကချင်ကားသမား ဦးဇော်အောင် ဆိုသူကိုလည်း ၃ လ ကျော်ထိ အချိန်ကြာလာပေမဲ့ ဒီနေ့ထိ မိသားစုဝင်များ စုံစမ်းလို့မရသေးကြောင်း သိရပါတယ်။

ဒါကြောင့် ရှမ်းမြောက်ဒေသမှာ စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှု စစ်ရာဇဝတ်မှုဆိုးရွားစွာကျူးလွန်နေမှုကို နိုင်ငံတကာမှ မြင်တွေ့ပြီး အရေးယူပေးနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကာကွယ်ပေးကြဖို့ကိုလည်း ဒေသခံပြည်သူတွေက လိုလားနေတာလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button