သတင်း

ကျောက်ထုံးကြီးကျေးရွာအဝင်မှာ ရိုက်နှက်သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ဦးအလောင်းတွေ့

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကျောက်ထုံးကြီးကျေးရွာအဝင် လမ်းမကြီးဘေးမှာ ရိုက်နက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်ထုံးကြီးကျေးရွာမှာ သုံးရက်ကြာတပ်စွဲခဲ့တဲ့ အင်းအား ၁၀၀နီးပါးရှိတဲ့ ခလရ ၁၂၁ တပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တို့ ကျေးရွာကနေထွက်ခွာသွားတဲ့နေ့ မနေ့က မနက်ပိုင်းမှာ ရွာသားတွေကျေးရွာထဲပြန်လည်ဝင်ရောက်ချိန် တွေ့ရှိခဲ့တာလို့ ကျောက်ထုံးကြီးရွာသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

အလောင်းက ရိုက်နက်ထားတာဗျ ရိုက်နက်သတ်ထားတာအလောင်းက ရွာအဝင်လမ်းမကြီးဘေးမှာပစ်ထားတာ မနေ့ညပိုင်းမှ ရွာသားတွေနယ်မြေရှင်းလင်းရင်းတွေ့တာ မနေ့ကပဲ မီးရှို့သဂြိုလ်လိုက်တယ်ဗျ အလောင်းကိုလို့ ပြောပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့ကနေ မနေ့ကသြဂုတ် ၃ ရက်နေ့ မနက်ပိုင်းအထိ တပ်စွဲသွားတဲ့ အဲ့ဒီစစ်ကြောင်းဟာ ကျောက်ထုံးကြီးကျေးရွာထဲက လူနေအိမ် ၄၈ လုံးတိတိ ကိုမီးရှို့ခဲ့တာဖြစ်တဲ့အတွက် အဲ့ဒီအမျိုးသားကိုလည်း စစ်သားတွေနဲ့ပျူစောထီးတွေက သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။

အလောင်းက ကျွန်တော်တို့ကျောက်ထုံးကြီးရွာထဲက မဟုတ်ဘူးဗျ။  တခြားရွာက ဖမ်းခေါ်လာတဲ့ဟာကိုသတ်ထားတာ အသက်က ၃၀ ကျော် ၄၀ နီးပါးရှိနေပြီ။ဘယ်ကလည်း တော့မသိဘူးပုံတွေတော့ရိုက်ထားတယ် အနီးနားရွာကများလားပေါ့လို့ ကျောက်ထုံးကြီးရွာသားကပြောပါတယ်။

သေဆုံးသူ အမျိုးသားရုပ်အလောင်းဟာ စစ်တပ်နဲ့ပျူစောထီးကသတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေကဆိုကြပေမယ့် KNG ကသီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ကျောက်ထုံးကြီးကျေးရွာဟာ ဧရာဝတီမြစ် တစ်ဖက်ကမ်းက အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ကျေးရွာကြီးဖြစ်ပြီး ဇူလိုင် ၃၁ ရက်နေ့ ကျေးရွာထဲစစ်ကြောင်းဝင်လာတာကြောင့်ရွာသားအချို့ ကျေးရွာထဲပိတ်မိခဲ့သလို အချို့လည်းစစ်ဘေးရှောင်ခဲ့ကြရာ စစ်ကြောင်းထွက်ပြီးနောက် နယ်မြေရှင်းလင်းမှုလုပ်ချိန် အဲ့ဒီသေဆုံးရုပ်အလောင်းကိုတွေ့ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန္တလေးဘက်ကနေ ဗန်းမော်ဘက်ကိုတက်လာနေတဲ့ စစ်သင်္ဘော ၉စီးဟာ ကသာနယ်ထဲရောက်နေပြီဖြစ်တာကြောင့် ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်လျှောက် ကင်းပုန်းတွေချထားသလို ရွှေကူအနောက်ဘက်ခြမ်းမှာ ဖုန်းလိုင်းအချို့ပြတ်တောက်နေပြီး ဖုန်းအင်တာနက်လိုင်းတွေလည်း ဖြတ်ထားတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

Show More

Related Articles

Back to top button